
စင်ကာပူနိုင်ငံရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ဟာ နိုင်ငံနဲ့ ဒေသ ၁၉၂ ခုကို ဗီဇာကင်းလွတ်ခွင့်နဲ့ အဆင့် ၁ နေရာမှာ ဆက်လက်ရပ်တည်နေတယ်လို့ Henley Passport Index ရဲ့ ၂၀၂၆ ခုနှစ် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ နိုင်ငံနဲ့ ဒေသ ၁၈၈ ခုကို ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ပြီး ပူးတွဲ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံကတော့ နိုင်ငံနဲ့ ဒေသ ၄၄ ခုကို ဗီဇာကင်းလွတ်ခွင့်နဲ့ သွားရောက်နိုင်ပြီး အဆင့် ၈၉ မှာ ပူးတွဲရပ်တည်နေပါတယ်။
ဒါဟာ ပူးတွဲရပ်တည်မှုတွေများတဲ့အတွက်ဖြစ်ပြီး တကယ်တမ်း ပတ်စ်ပို့ ၁၉၉ ခုမှာ နောက်ဆုံးက စရေရင် အဆင့် ၂၀ မြောက်မှာ ရှိနေတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံနဲ့ ဒေသ ၁၈၀ ရဲ့ အောက်မှာရှိနေတာ ဖြစ်ပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကတော့ နှစ် ၂၀ အတွင်း အဆင့် ၅၇ ဆင့်အထိ ခုန်တက်ခဲ့ပြီး တိုးတက်မှုအမြန်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ အဆင့် ၁၀ နေရာကို ပြန်လည်ရောက်ရှိလာပေမဲ့ ပူးတွဲ ရပ်တည်မှုတွေကြောင့် သူ့အထက်မှာ အဆင့်သာတဲ့နိုင်ငံပေါင်း ၃၇ နိုင်ငံအထိ ရှိနေဆဲဖြစ်ပါတယ်။
ဇယားအောက်ဆုံးမှာတော့ နိုင်ငံနဲ့ ဒေသ ၂၄ ခုကိုသာ ဝင်ရောက်ခွင့်ရတဲ့ အာဖဂန်နစ္စတန်နိုင်ငံက ဆက်လက်ရပ်တည်နေပါတယ်။
ဒီအညွှန်းကိန်းကိုတော့ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) ရဲ့ အချက်အလက်တွေကို အသုံးပြုပြီး ကြိုတင်ဗီဇာမလိုဘဲ သွားရောက်နိုင်တဲ့ နိုင်ငံအရေအတွက်အပေါ် မူတည်ပြီး တွက်ချက်ထားတာ ဖြစ်ပါတယ်။


