Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ် အမြန်လိုသူများအတွက် ကျပ် ၅ သိန်းခွဲခန့်ဖြင့် ပြုလုပ်ပေးမည်
DVB
·
January 1, 2026

ပြည်ပနိုင်ငံတွေဆီကို အရေးပေါ်ကိစ္စနဲ့ သွားရောက်လိုသူတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့ အွန်လိုင်းဘွတ်ကင်တင်တာ အပါအဝင် ရုံးတွင်းကိစ္စတွေ စောင့်စရာမလိုဘဲ အမြန်ဝန်ဆောင်မှုနဲ့ လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ဒီကနေ့ ဇန်နဝါရီ ၁ ရက်မှာ ကြေညာပါတယ်။

နိုင်ငံကူးလက်မှတ် အမြန်ဝန်ဆောင်မှု (Express Service) ကို လျှောက်ထားသူတွေအနေနဲ့ လျှောက်လွှာတင်ပြီး ၅ ရက်အတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဝန်ဆောင်ခအနေနဲ့ စာအုပ်ဖိုး အပါအဝင် ၅၄၅,၀၀၀ ကျပ် ကျသင့်မယ်လို့ ကြေညာထားပါတယ်။

ရန်ကုန်မြို့နေ ကိုထက် (အမည်လွှဲ) က “တကယ် ၅ သိန်းခွဲနဲ့ပဲ အမြန်ရရင်တော့ အဆင်ပြေပါတယ်။ ပတ်စ်ပို့က သူများတွေကို မလုပ်ပေးတာ ကြာပြီ။ ပွဲစားနဲ့ဆိုရင်တော့ ရနိုင်တယ်။ အခုက တိုကင်ယူရင် တရက်ပဲကြာတယ်။ ဒါပေမဲ့ CDM လုပ်ထားသူတွေ၊ အစိုးရဝန်ထမ်း ဖြစ်ထားသူတွေဆို လုပ်ဖို့မလွယ်ဘူး။ တချို့ကျလည်း လူကြီးလမ်းကြောင်းနဲ့ ပိုက်ဆံပေးပြီး လုပ်ကြတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ အမည်ပျက်စာရင်း Blacklist ပါဝင်သူတွေ၊ ပြစ်မှုကျူးလွန်ပြီး စစ်ဆေးချက် မပြီးသေးသူတွေ၊ ပြစ်ဒဏ်ကာလ မပြီးခင် လွတ်ငြိမ်းနဲ့ လွတ်လာသူတွေ၊ အစိုးရဝန်ထမ်းတွေ စတဲ့ ထောက်ခံချက် လိုသူတွေက စုံစမ်းပြီးမှသာ လျှောက်ထားဖို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက သတိပေးထားပါတယ်။

နိုင်ငံကူးလက်မှတ် အမြန်ဝန်ဆောင်မှုနဲ့ လျှောက်ထားတာကို ဇန်နဝါရီ ၅ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

ပတ်စ်ပို့ကို ပြင်ပမှာ အမြန်ကြေး ဝန်ဆောင်မှုနဲ့ ပွဲစားတွေ လုပ်ပေးနေတာကတော့ ၃ သိန်း၊ ၅ သိန်း၊ ၁၀ သိန်းအထိ ဈေးနှုန်းအမျိုးမျိုးနဲ့ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ပုံမှန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူတွေကိုတော့ စာအုပ်ဖိုးအပါ ၄၅,၀၀၀ ကျပ် သတ်မှတ်ထားပြီး ဒီဈေးနှုန်းက စက်တင်ဘာ ၁ ရက် ၂၀၂၅ မှာ ၄၀,၀၀၀ ကျပ်ကနေ ပြောင်းလဲ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013