Home
အားကစား
မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူနှင့် သရေကျ၊ မြန်မာ ယူ-၂၃ အသင်း အာဖဂန်ကို ရှုံးနိမ့် 
DVB
·
September 10, 2025
Photo: MFF

နိုင်ငံတကာဘောလုံး ခြေစမ်းပွဲအဖြစ် မြန်မာလက်ရွေးစင်အသင်းနဲ့ စင်ကာပူအသင်းတို့ စက်တင်ဘာ ၉ ရက်ညနေက စင်ကာပူနိုင်ငံမှာ ကွင်းပိတ်ပွဲ ယှဉ်ပြိုင်ကစားခဲ့တာမှာ တဖက် ၁ ဂိုးစီနဲ့ သရေကျသွားပါတယ်။

ဒီပွဲမှာ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ကြလို့ ဂိုးမရှိ သရေကျနေခဲ့ပြီး  ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ အရောက်မှာတော့ မြန်မာအတွက် ဦးဆောင်ဂိုးကို သက်ဟိန်းစိုးက ထောင့်ကန်ဘောကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် စင်ကာပူအသင်းအတွက် ချေပဂိုးကိုတော့ ပွဲပြီးခါနီး မိနစ် ၉၀ မှာမှ အီဟန်ဖန်ဒီက ခေါင်းတိုက် သွင်းယူပေးခဲ့တာပါ။

ဒီပွဲမှာ မြန်မာအသင်းက ဝါရင့်ကစားသမားတွေဖြစ်တဲ့ မောင်မောင်လွင်၊ သန်းပိုင်၊ လွင်မိုးအောင်၊ ဟိန်းဖြိုးဝင်း၊ နန္ဒကျော်၊ စိုးမိုးကျော်၊ သီဟဇော်၊ သက်ဟိန်းစိုး စတဲ့ကစားသမားတွေ ပါဝင်ကစားသွားခဲ့ကြပါတယ်။ 

ဒီပွဲဟာ အောက်တိုဘာမှာ ကစားရမယ့် မြန်မာအသင်းရဲ့ ဆီးရီးယားနဲ့ အာရှခြေစစ်ပွဲအတွက် ပွဲကြိုပြင်ဆင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

မနေ့ညနေက ရန်ကုန် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့  2026 AFC U-23  အာရှဖလား ခြေစစ်ပွဲ အုပ်စု (ဘီ) နောက်ဆုံးပွဲစဉ်မှာတော့ အိမ်ရှင် မြန်မာ ယူ -၂၃ အသင်းက အာဖဂန်နစ္စတန် ယူ-၂၃ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာ ယူ -၂၃ အသင်းဟာ အုပ်စုတွင်း ၃ ပွဲကစားခဲ့တာမှာ ကူဝိတ်အသင်းနဲ့ သရေပြီး ဂျပန်နဲ့ အာဖဂန်နစ္စတန် အသင်းတွေကို ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ပွဲမရှိဘဲ ရမှတ် ၁ မှတ်နဲ့ အုပ်စု နောက်ဆုံးမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။

မနေ့ညက ရန်ကုန်မှာ ကန်သွားတဲ့ ဂျပန်နဲ့ ကူဝိတ်အသင်းတို့ ပွဲစဉ်မှာတော့ လက်ရှိ ချန်ပီယံ ဂျပန်လူငယ်အသင်းက ကူဝိတ်အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲအောင်သွားခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013