
အာရှဖလားဘောလုံးပြိုင်ပွဲ ယူ-၂၃ ခြေစစ်ပွဲမှာ ဂျပန်ကို ၂ ဂိုး ၁ဂိုးနဲ့ ရူံးနိမ့်ခဲ့ပြီးနောက် မြန်မာ ယူ -၂၃ အသင်းက လက်ကျန်တပွဲကစားဖို့ ကျန်နေသေးပေမဲ့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးမရှိတော့ပါဘူး။
အာရှထိပ်သီး ဂျပန်လူငယ်အသင်းနဲ့ပွဲမှာ မြန်မာယူ- ၂၃ အသင်းက မိနစ် ၉၀ အထိ တဂိုးစီသရေ ကစားနိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုမှာ ဂျပန်အသင်းကို ပင်နယ်တီပေးခဲ့ရပြီး ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ အာရှယူ-၂၃ ခြေစစ်ပွဲတွေမှာ အုပ်စု ၁၁ ခုခွဲခြားထားပြီး အုပ်စုပထမ ၁၁ သင်းနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ ၄ သင်းက အိမ်ရှင်ဆော်ဒီနဲ့အတူ နောက်ဆုံးအဆင့် ပြိုင်ပွဲကစားခွင့်ရမှာပါ။
မြန်မာယူ-၂၃ အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်မှာ အာဖဂန်ကို အနိုင်ရမယ်ဆိုရင် အုပ်စုဒုတိယရနိုင်ပြီး အကောင်းဆုံးအုပ်စုဒုတိယနေရာအတွက် မျှော်လင့်နိုင်ပေမဲ့ အများဆုံး ၄ မှတ်သာရရှိမှာဖြစ်လို့ ခြေစစ်ပွဲ ကျရှုံးဖို့ သေချာစေခဲ့တာပါ။
တခြားအုပ်စုတွေမှာ အနည်းဆုံး အုပ်စု ဒုတိယရဖို့သေချာနေတဲ့အသင်းတွေက ရမှတ် ၆ မှတ်စီ ရထားပြီဖြစ်လို့ မြန်မာအသင်းအတွက် ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်မရှိတော့တာ ဖြစ်ပါတယ်။




