
စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် နှောပင်ကျေးရွာက မီးဘေးသင့်ပြည်သူတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေနဲ့ ပရဟိတအဖွဲ့ဝင်တွေဆီက သိရပါတယ်။
နှောပင်ကျေးရွာကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ညနေမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အတွက် နှောပင်ကျေးရွာက မီးဘေးသင့် ပြည်သူတွေအတွက် အကူအညီ လိုအပ်နေတယ်လို့ မီးဘေးသင့်ပြည်သူတွေနဲ့ ပရဟိတ အဖွဲ့ဝင်တွေဆီက သိရပါတယ်။
နှောပင်ကျေးရွာ ဒေသခံတွေဟာ နေအိမ်တွေ မီးရှို့ခံထားရတဲ့အတွက် နေထိုင်ဖို့ အမိုးအကာတွေ အခက်ခဲဖြစ်နေပြီး မီးရှို့ခံရတာ ၁၀ ရက်ကျော်ကြာတဲ့အထိ ရှင်းလင်းရေး ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။
မီးဘေးသင့်ဒေသခံတချို့ဟာ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ ကပ်နေရပြီး တချို့က လမ်းဘေးမှာဖြစ်သလို ဝါးနဲ့အမိုးအကာတွေလုပ်ကာ နေထိုင်နေကြရတယ်လို့ နှောပင်ရွာခံတယောက်က ပြောပါတယ်။
“နေအိမ်တွေ မီးလောင်ခံထားရတော့ နေရေးထိုင်ရေးကတော့ ခက်ခဲမှုလေးတွေရှိတော့ အကူအညီတွေ လိုအပ်တာပေါ့။ မီးဘေးသင့်ကြတဲ့ တချို့လည်း ဆွေမျိုးသားချင်းအိမ်တွေမှာ ကပ်နေရတယ်။ တချို့လည်း လမ်းဘေးမှာဖြစ်သလို ဝါးနဲ့မိုးကာ အရိပ်အမိုးထိုးပြီး နေထိုင်ရတဲ့ အခြေအနေရှိပါတယ်။ စားနပ်ရိက္ခာအတွက်ကတော့ နီးစပ်တဲ့သူတွေက လှူဒါန်းပေးကြလို့ လတ်တလော အဆင်ပြေနေသလိုတော့ရှိပါတယ်။ လောလောဆယ်တော့ မီးလောင်ခံရတဲ့ အိမ်ထောင်စုတွေကို ဝါးလုံး အလုံး ၄၀ စီ ဝေနိုင်သေးတယ်။ ငွေကြေးလေးတွေလည်း အနည်းငယ် လှူဒါန်းကြတာတော့ရှိပါတယ်။ ဒါပေမဲ့ အစစအရာရာစျေးကြီးနေတဲ့အချိန်မှာ နေစရာအိမ်တလုံး ဖြစ်ဖို့ဆိုတာတော့ မလွယ်သေးပါဘူး။ ကျနော်တို့ရွာကနေ တခြားမြို့တွေကို နေသူတွေဆီကနေ လှူဒါန်းမှုတွေပဲ ရှိသေးတယ်။ မီးရှို့ခံရပြီး ၁၀ ရက်နီးပါးကြာလာတဲ့ အခုချိန်အထိ ရှင်းလင်းရေးတွေ ဆောင်ရွက်နေကြရပြီးတော့ တခြားပြည်တွင်း၊ ပြည်ပက အလှူရှင်တွေဆီကနေ ပေးပို့လှူဒါန်းကြတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
နှောပင်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုအတွင်း အသက် ၇၀ ဝန်းကျင် ဒေါ်မြကျင် မီးလောင် သေဆုံးခဲ့ရသလို ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသားတယောက်လည်း အပြင်းအထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီအပြင် မီးရှို့မှုအတွင်း လူနေအိမ်၊ နွားတင်းကုပ်နဲ့ စပါးကျီ အလုံးပေါင်း ၁၁၅ လုံး မီးလောင်ပျက်စီးခဲ့သလို မီးဘေးသင့် အိမ်ထောင်စုပေါင်း ၄၆ စုနဲ့ မီးဘေးသင့်ပြည်သူ ၇၆ ယောက်ရှိနေပြီး ရာသီပေါ် သီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
အိမ်ခြေ ၇၀၀ နီးပါးရှိတဲ့ နှောပင်ကျေးရွာကို တပ်မ ၈၈၊ ၉၉ ဘတ်တံဆိပ်တွေနဲ့ အင်အား ၂၅၀ လောက်ပါလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ပရဟိတအဖွဲ့ဝင်တယောက်က “မီးဘေးသင့်ပြည်သူတွေအတွက် နေစရာဖြစ်ဖို့ရာ အဓိက လုံးပန်းရတာဘဲ။ ကျနော်တို့ ပရဟိတအဖွဲ့တွေဘက်ကလည်း သူတို့လိုအပ်တာ လိုက်ကူပေးရတယ်။ အဆောက်အဦတွေ ပြန်ဆောက်ဖို့ လိုအပ်တဲ့ တချို့ပစ္စည်းတွေ အလှူခံလို့ရပေမဲ့ တချို့ပစ္စည်းတွေကျတော့လည်း စျေးအချိုဆုံးနဲ့ရအောင် ဆောင်ရွက်ပေးရတာတွေရှိတာပေါ့” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေက တောင်သူတွေအနေနဲ့ စပါး၊ ပဲ၊ နှမ်း စတဲ့ လယ်ယာထွက်ကုန်သီးနှံတွေကို စုဆောင်းမထားကြဘဲ ရောင်းချထားကြဖို့နဲ့ အရေးကြီး စာရွက်စာတမ်းတွေကို စနစ်တကျသိမ်းဆည်းထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။


