Home
နိုင်ငံတကာ
BTS ရှိုးပွဲ အရေအတွက်တိုးပေးရန် မက္ကဆီကိုသမ္မတ တောင်းဆို
DVB
·
January 27, 2026
Photo: REUTERS/Henry Romero/Brendan McDermid/File Photo

ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ရဲ့ မက္ကဆီကိုရှိုးပွဲအရေအတွက် တိုးမြှင့်ကျင်းပပေးဖို့ မက္ကဆီကိုသမ္မတ ကလော်ဒီယာရှိန်းဘောင်းက တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဆီ တရားဝင် စာရေးသား တောင်းဆိုလိုက်ပါတယ်။

သမ္မတရှိန်းဘောင်းက “လူတိုင်းက သွားချင်နေကြတာ။ လက်မှတ်ဝယ်ချင်တဲ့ လူငယ်က တသန်းလောက် ရှိတယ်။ ဒါပေမဲ့ လက်မှတ်က တသိန်းခွဲပဲ ရတယ်”လို့ ဇန်နဝါရီ ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီကိစ္စအတွက် သမ္မတ အီထံကို သံတမန်စာ ပေးပို့ထားတယ်လို့လည်း ရှိန်းဘောင်းက အတည်ပြုပါတယ်။

အဖွဲ့ဝင်တွေ စစ်မှုထမ်းနေရလို့ ၂၀၂၂ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုတွေ ရပ်နားခဲ့ရတဲ့ BTS အဖွဲ့ဟာ လာမဲ့ဧပြီလမှာ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲတွေ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။

ကေပေါ့ပ်ပရိသတ် အခိုင်အမာရှိတဲ့ မက္ကဆီကိုနိုင်ငံမှာတော့ ပွဲစဉ် ၃ ပွဲသာ ကျင်းပဖို့ စီစဉ်ထားတာပါ။

လက်မှတ်ဝယ်ယူမှု အခက်အခဲတွေကြောင့် မက္ကဆီကို စားသုံးသူရေးရာအဖွဲ့က လက်မှတ်ရောင်းချတဲ့ ပလက်ဖောင်းတွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ticketmaster မှာ တရားဝင်ရောင်းတဲ့ စျေးက ပီဆို ၁,၈၀၀ ကနေ ၁၇,၈၀၀ (ဒေါ်လာ ၁၀၀ ကနေ ဒေါ်လာ ၁,၀၃၀) အထိ ရှိပေမဲ့ ပြန်ရောင်းတဲ့ဆိုက်တွေမှာ ပီဆို ၁၁,၃၀၀ ကနေ ၉၂,၀၀၀ (ဒေါ်လာ ၅,၃၀၀) အထိ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013