
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်နဲ့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီတို့ ဆိုးလ်မြို့တော်မှာ ထိပ်သီးအစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ဉာဏ်ရည်တု၊ အာကာသ၊ ချစ်ပ်တွေနဲ့ အရေးကြီးတဲ့ သတ္တုတွေလို ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ သဘောတူခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတ အိမ်ပြာတော်က ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားဟာ တပိုင်းလျှပ်ကူးပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံတခုဖြစ်ပြီး နှစ်နိုင်ငံဟာ AI နဲ့ ဆက်စပ်တဲ့ ချစ်ပ်လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှုအတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သမ္မတအိမ်ပြာတော်က ထုတ်ပြန် ပြောဆိုပါတယ်။
မယ်လိုနီနဲ့ လီတို့ဟာ ပူးတွဲသုတေသနစီမံကိန်းတွေ၊ ဖလှယ်မှုတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် ကတိကဝတ်ကို ထပ်အတည်ပြုခဲ့ကြပါတယ်။
မယ်လိုနီရဲ့ ဂျပန်နဲ့ အိုမန်နိုင်ငံတို့အပါအဝင် အာရှခရီးစဉ်ဟာ ၁၉နှစ်အတွင်း အီတလီ ခေါင်းဆောင် တယောက်ရဲ့ တောင်ကိုရီးယားဆီ ပထမဆုံး နိုင်ငံတော်ခရီးစဉ်ဖြစ်ပါတယ်။
လီဂျေးမြောင်အနေနဲ့ အခုနှစ်မှာ အီတလီဆီ နိုင်ငံတော်ခရီးစဉ်နဲ့ လာလည်ဖို့ မျှော်လင့်တယ်လို့လည်း အီတလီဝန်ကြီးချုပ်က ပြောပါတယ်။
Source:Reuters


