
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ဆောင်ပေးထားတဲ့ ရှောင်းမီဖုန်းကို သုံးပြီးတော့ ဇန်နဝါရီ ၅ ရက်က ပေကျင်းခရီးစဉ်မှာ ဆဲလ်ဖီဓာတ်ပုံ ရိုက်ကူးခဲ့ပါတယ်။
ဓာတ်ပုံထဲမှာတော့ ခေါင်းဆောင် ၂ ယောက်နဲ့ သမ္မတကတော်တွေ ပြုံးရွှင်နေကြတာကို တွေ့ရပြီး၊ တောင်ကိုရီးယားသမ္မတက X လူမှုကွန်ရက်မှာ ဖော်ပြခဲ့တာပါ။
ဒီဖုန်းကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်းဂျူးမြို့မှာ လုပ်တဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲမှာ ရှီက အီကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက ဒီဖုန်းလိုင်းတွေ လုံခြုံရဲ့လားလို့ အီက မေးမြန်းချိန်မှာ တရုတ်သမ္မတ က “နောက်ဖေးပေါက် ရှိ၊ မရှိ စစ်ကြည့်ပါဦး” လို့ ပြန်လည် နောက်ပြောင်ခဲ့ဖူးပါတယ်။
နောက်ဖေးပေါက် ဆိုတာကတော့ ဖုန်းသုံးစွဲမှုကို စောင့်ကြည့်ထောက်လှမ်းဖို့ ဆော့ဖ်ဝဲတွေ ကြိုထည့်ထားတာမျိုးကို ဆိုလိုတာပါ။ များသောအားဖြင့် ရုပ်တည်နဲ့ နေတတ်တဲ့ တရုတ်သမ္မတက ခုလို ပြန်လည်နောက်ပြောင်တာဟာ ရှားရှားပါးပါးဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
သမ္မတ အီ ဟာ အရင်အစိုးရလက်ထက်က ဆက်ဆံရေး အေးစက်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်ကောင်းဖို့ အခုလို ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတရဲ့ ဆဲလ်ဖီပို့စ်ကို အွန်လိုင်းမှာ ပြန်လည်မျှဝေသူ၊ မှတ်ချက်ပေးသူ အထူးများပြားခဲ့ပါတယ်။
လူမှုကွန်ရက်သုံးသူတယောက်တော့ “သမ္မတကြီးခင်ဗျား၊ နီကိုလက်စ်မာဒူရိုလည်း ဒီဖုန်းပဲ သုံးသွားတာ သိပါသလား” လို့ နောက်ပြောင်ရေးသားခဲ့ပါတယ်။
Source: Reuters


