
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင် ပြစ်ဒဏ်ချမှတ်ခံရလို့ အလွန်ဝမ်းနည်းတယ်လို့ ပြောကြားလိုက်ပြီး သူ့ကိုပြန်လွှတ်ပေးရေး စဉ်းစားပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုလိုက်ပါတယ်။
အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဂျင်မီလိုင်ဟာ တရုတ်နိုင်ငံက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှု စွဲချက် ၂ ခုနဲ့ နိုင်ငံတော်ပုန်ကန်မှု စွဲချက်တခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တယ်လို့ တရားရုံးက တနင်္လာနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီစွဲချက်အတွက် ထောင်ဒဏ်တသက်တကျွန်း ချမှတ်နိုင်ပါတယ်။ ဂျင်မီလိုင်ကတော့ စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ငြင်းဆို လျှောက်လဲခဲ့ပါတယ်။
ဂျင်မီလိုင်ကို ရုံးတင်စစ်ဆေးရာမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချတာဟာ ဟောင်ကောင်က အတိုက်အခံ လှုပ်ရှားမှုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လက်တွေ့ဘဝကို ထင်ဟပ်စေတယ်လို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတယောက်က ဒီဇင်ဘာ ၁၅ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နှိမ်နင်းမှုတွေ ရှိနေပေမဲ့ ဒီမိုကရေစီ လိုလားတဲ့ လှုပ်ရှားမှုရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိနေသေးတယ်လို့ ဟောင်ကောင် ဒီမိုကရေစီကောင်စီရဲ့ အကြီးတန်းနိုင်ငံတကာ ရှေ့နေရုံးမှ ကာမန်လော်က လန်ဒန်မြို့တော်ကနေ ပြောပါတယ်။
ဂျင်မီလိုင်ကို ထောက်ခံသူတွေက သူ့ကို လွတ်လပ်ရေးတိုက်ပွဲဝင်တယောက်အဖြစ် ရှုမြင်ကြပေမဲ့ တရုတ်ပြည်မကြီးအစိုးရက သူ့ကို ဆန္ဒပြပွဲတွေကို ကြိုးကိုင်သူ၊ ဟောင်ကောင်နဲ့ ပြည်မကြီးအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေအတွက် ထောက်ခံအားပေးသူ ပူးပေါင်းကြံစည်သူအဖြစ် ရှုမြင်ကြပါတယ်။
အခု ပိတ်သိမ်းခံလိုက်ရပြီဖြစ်တဲ့ Apple Daily သတင်းစာကို တည်ထောင်သူနဲ့ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုကို အထင်ရှားဆုံး ဝေဖန်သူတွေထဲက တယောက်ဖြစ်သူ လိုင်ဟာ ၂၀၁၉ ခုနှစ် ဆန္ဒပြပွဲတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်ပြည်မကြီး အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေးဥပဒေအောက်မှာ စွဲချက် အများကြီးကို ရင်ဆိုင်နေရပြီး ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရပြီးပြီ ဖြစ်ပါတယ်။
Source: Reuters


