
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဒေါ်လာ ၁၀ ဘီလီယံ နစ်နာကြေးရလိုကြောင်း လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာနကို ဒီဇင်ဘာ ၁၅ ရက်မှာ တရားစွဲလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်မှာ ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ မိန့်ခွန်းကို ဘီဘီစီသတင်းဌာနက Panorama အစီအစဉ်မှာ တည်းဖြတ်ပြီး ထုတ်လွှင့်ခဲ့တာကြောင့် ဂုဏ်သိက္ခာကျဆင်းရတယ်ဆိုပြီး ခုလို တရားစွဲလိုက်တာပါ။
ဖလော်ရီဒါပြည်နယ် တရားရုံးမှာ တင်သွင်းတဲ့ ဒီအမှုမှာ အသရေဖျက်မှုနဲ့ ကုန်သွယ်ရေးစည်းမျဉ်း ချိုးဖောက်မှုဆိုပြီး အမှု ၂ မှုခွဲကာ တမှုစီအတွက် နစ်နာကြေး ဒေါ်လာ ၅ ဘီလီယံစီ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံအထိ တောင်းဆိုထားတာပါ။
ဘီဘီစီဟာ သမ္မတရဲ့ စကားတွေကို ရည်ရွယ်ချက်ရှိရှိ လိမ်လည်တည်းဖြတ်ခဲ့တယ်လို့ ထရမ့်ပ်ဘက်က စွပ်စွဲထားပြီး မူရင်းမိန့်ခွန်းထဲက ငြိမ်းချမ်းစွာ ဆန္ဒပြဖို့ ပြောတဲ့အပိုင်းကို ချန်လှပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လွှတ်တော်ကို ချီတက်မဲ့အကြောင်း ပြောကြားချက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ကြဖို့ ပြောကြားချက်တွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး အကြမ်းဖက်မှုကို လှုံ့ဆော်သယောင် ဖန်တီးခဲ့တာလို့ စွပ်စွဲထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က “သူတို့ လိမ်ခဲ့ပါတယ်။ ကျုပ်ပါးစပ်ကထွက်တဲ့ စကားကို သူတို့ ပြင်ခဲ့တာ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘီဘီစီဘက်ကတော့ ဒီတည်းဖြတ်မှုဟာ အထင်အမြင်လွဲမှားစေခဲ့ကြောင်း ဝန်ခံပြီးတော့ တောင်းပန်ထားပေမဲ့ လျော်ကြေးပေးဖို့ တောင်းဆိုချက်ကိုတော့ ပယ်ချထားပါတယ်။
တရားစွဲဆိုဖို့ ဥပဒေအကြောင်းရာ ခိုင်လုံမှုမရှိဘူးလို့ ဘီဘီစီက တုံ့ပြန်ထားသလို ဒီမှတ်တမ်းရုပ်ရှင်ကို ဘယ်ပလက်ဖောင်းမှာမှ ထပ်မံပြသတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒီဖြစ်ရပ်ရဲ့ ဂယက်ကြောင့် ဘီဘီစီသတင်းဌာနမှာ အကျပ်အတည်းတွေ ဖြစ်ပေါ်ခဲ့ပြီး ထိပ်တန်း တာဝန်ရှိသူ ၂ ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။
Source: Reuters


