
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့ဟာ အချိန်မရွေး မတော်တဆ ပဋိပက္ခတခုခု ဖြစ်ပွားနိုင်တဲ့ အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေမှာ ရှိနေပြီး ဆိုးလ်အနေနဲ့ ပြုံယမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖို့က အလွန်အရေးကြီးတယ်လို့ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဆိုးလ်မှ ဆက်သွယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားဖို့ ငြင်းဆန်နေပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ ပြီးဆုံးချိန်ကတည်းက မလုပ်ဆောင်ခဲ့တဲ့ကိစ္စဖြစ်တဲ့ စစ်ရေးနယ်နိမိတ်တလျှောက်မှာ သံဆူးကြိုးတွေ အကာအရံချထားတာတွေကိုပါ လုပ်ဆောင်နေတယ်လို့ သမ္မတ အီဂျယ်မြောင်က လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
သမ္မတ အီဂျယ်မြောင်ဟာ တောင်အာဖရိကမှာ ကျင်းပတဲ့ G20 ထိပ်သီးအစည်းအဝေးကနေ သူ့ခရီးစဉ်ရဲ့ နောက်ဆုံးအပိုင်းအတွက် တူရကီကို သွားနေချိန်လည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးဆွေးနွေးပွဲတွေလုပ်ဖို့ နိုဝင်ဘာ ၁၇ ရက်က အဆိုပြုခဲ့ပြီး ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခကို ဖြစ်ပေါ်စေနိုင်တဲ့ နယ်စပ်တလျှောက် လက်နက်ကိုင်ပဋိပက္ခတွေကို ကာကွယ်ဖို့အတွက် စစ်ရေးနယ်နိမိတ်မျဉ်း (MDL) တလျှောက် ရှင်းလင်းတဲ့ နယ်နိမိတ်တခု ရေးဆွဲရေးကို ဆွေးနွေးဖို့ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အဆိုပြုချက်ကို အကြောင်းပြန်ကြားတာနဲ့ တုံ့ပြန်တာတွေ မလုပ်ခဲ့ပါဘူး။
Source: Reuters


