Home
နိုင်ငံတကာ
ကာ့စ်ဒေသမိုင်းရှင်းလင်းရေးတွင် မြောက်ကိုရီးယားတပ်ဖွဲ့ အဓိကအခန်းကဏ္ဍမှပါဝင်ဟု ရုရှား ပြော
DVB
·
November 15, 2025
Photo :Reuters

ရုရှားနိုင်ငံရဲ့ အနောက်ဘက် ကာ့စ်ခ်ဒေသကို ယူကရိန်းကျူးကျော်မှုကို တွန်းလှန်ရာမှာ ကူညီပေးခဲ့တဲ့ မြောက်ကိုရီးယား တပ်ဖွဲ့တွေဟာ အခုခါ မိုင်းဧရိယာရှင်းလင်းရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ကိုယ်ကျိုးမငဲ့ပဲ သူရဲကောင်းဆန်တဲ့ အကူအညီအတွက် မော်စကိုက ကျေးဇူးတင်ပါကြောင်း ကရင်မ်လင်ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကို့ဗ် က သတင်းထောက်တွေ ပြောကြားခဲ့ပါတယ်။

"ဒီအကူအညီကို ကျနော်တို့ ဘယ်တော့မှ မမေ့ပါဘူး။ ဒီလုပ်ငန်းက ဆက်လုပ်ဆောင်နေပါတယ်။ အန္တရာယ်များပြီး ခက်ခဲပေမဲ့ ကိုရီးယားမိတ်ဆွေတွေက အမှန်တကယ် ကူညီပေးနေပြီး အရမ်း ကျေးဇူးတင်ပါတယ်" လို့ ပက်စ်ကို့ဗ် က ပြောသွားတာပါ။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို မိုင်းအမျိုးအစား အမျိုးမျိုးနဲ့ မိုင်းရှာဖွေရေးပစ္စည်းတွေနဲ့အတူ မြင်တွေ့ရပြီး မျိုးချစ်သီချင်းတွေ သီဆိုကာ လေ့ကျင့်မှု လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းတွေမှာ ပါဝင်နေပုံတွေကို ပြသထားပါတယ်။

သူတို့တွေဟာ လူတော်တွေ ဖြစ်ကြောင်းနဲ့ သင်ယူမှုမြန်ဆန်ပြီး အာရုံစိုက်နားထောင်ကြပြီးတော့ မှတ်စုယူကြတယ်လို့ သင်တန်းဆရာ ရုရှားတပ်မှူးဗဲ့လ်စ်က ပြောပါတယ်။ 

ဒုတိယတပ်မှူး လစ်စ်နိုက်ခ်က “သူတို့ဟာ ရုရှားစစ်သားတွေနဲ့ တန်းတူအဆင့်မှာ ရှိနေပြီး သူတို့တွေလိုပဲ တာဝန်တွေကို ထမ်းဆောင် နေပါတယ်" လို့ ပြောပါတယ်။ 

ခရာ့စ်နိုက် ဇီဗက်စ်ဒါ အမည်ရှိ ရုရှားစစ်ဘက်သတင်းဌာနက ရုရှားနဲ့ မြောက်ကိုရီးယား စစ်သားတွေဟာ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေ ချန်ထားခဲ့တဲ့ တင့်ကားဖျက်မိုင်းတွေနဲ့ လူသတ်မိုင်းတွေရဲ့ပမာဏဟာ  မကြုံစဖူး ထူထပ်များပြားစွာ ရှိနေမှုကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါတယ်။ 

ကိရိယာအများစုကို နေတိုးအဖွဲ့ဝင် နိုင်ငံတွေမှ ထုတ်လုပ်ထားတာဖြစ်ကြောင်းလည်း ဆိုပါတယ်။ ကာ့စ်ခ်ဒေသရဲ့ ဘိုလ်ရှ် ဆိုဒတ်စကီမြို့ရှိ ကျေးရွာ ၆၄ ရွာ ထဲက ၃၇ ရွာဟာ မိုင်းအန္တရာယ်ကြောင့် အရပ်သားတွေ သွားလာလို့မရတဲ့ နေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေဟာ သူတို့ရဲ့လုပ်ငန်းကို လုပ်ဆောင်နေချိန်မှာ ယူကရိန်း အမြောက်တပ်နဲ့ ဒရုန်းတွေရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒါကိုတော့ ရိုက်တာမှ လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိပါဘူး။  

နှစ်နိုင်ငံအကြား အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်အရ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နှစ်က ကာ့စ်ခ် ဒေသမှာ ရုရှားနဲ့အတူ တိုက်ခိုက်ဖို့ စစ်သား ၁၄,၀၀၀ လောက်ကို စေလွှတ်ခဲ့ပြီး ၆,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အနောက်နိုင်ငံ သတင်းရင်းမြစ်တွေက ဆိုထားပါတယ်။  

ရုရှားရဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမှာ မြောက်ကိုရီးယားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍဟာ နှစ်ဖက်စလုံးရဲ့ စစ်ရေးဆက်ဆံရေးကို ပိုမိုတိုးတက်စေလိုတဲ့ဆန္ဒကို ပေါ်လွင်နေစေပြီး ဒီဆက်ဆံရေးကို မရပ်မနား တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ဂင်မ်ဂျုံအွန်းက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013