
မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး နိုဂွမ်းချောလ်ဟာ ဆိုးလ်နဲ့ အမေရိကန်ရဲ့ လုံခြုံရေး ဆွေးနွေးပွဲတွေနဲ့ တောင်ကိုရီးယားကို အမေရိကန်လေယာဉ်တင်သင်္ဘော ရောက်ရှိလာမှုကို ရှုတ်ချခဲ့ပြီးတော့ တိုက်ခိုက်မှုပိုဆန်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ထားတဲ့ ကြေညာချက်တစောင်ကို နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး နိုဂွမ်းချောလ်က “ဒါဟာ သိသာထင်ရှားတဲ့ ထုတ်ဖော်ချက်တခုဖြစ်ပြီး ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံကို အဆုံးထိ ဆန့်ကျင်ပြီးတော့ သူတို့ရဲ့ရန်လိုတဲ့ သဘောသဘာဝကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြနေတာပါပဲ” လို့ ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၆ ရက်မှာ အမေရိကန်အစိုးရဟာ ဆိုက်ဘာနဲ့ဆက်စပ်တဲ့ ငွေကြေးခဝါချမှု အစီအစဉ် တွေမှာ ပါဝင်ပတ်သက်နေတယ်လို့ ဝါရှင်တန်က ဆိုထားတဲ့ မြောက်ကိုရီးယား လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့တာကို ရှုတ်ချတဲ့အနေနဲ့ မြောက်ကိုရီးယားဟာ နိုဝင်ဘာ ၇ ရက်မှာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ပြင်ကို ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ပါတယ်။ နောက်တရက်အကြာမှာပဲ နိုဂွမ်းချောလ်ရဲ့ ကြေညာချက်က ထွက်ပေါ်လာတာပါ။
အမေရိကန်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတွေဟာ မကြာသေးခင်က မြောက်နဲ့တောင် ကိုရီးယား ၂ နိုင်ငံနယ်စပ်ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ဆိုးလ်မှာ သူတို့ရဲ့ နောက်ဆက်တွဲ လုံခြုံရေးဆွေးနွေးပွဲတွေအကြောင်း ဘာမှဝေဖန်ခြင်း မရှိဘဲ မြောက်ကိုရီးယားအပေါ် တားဆီးရေး ကြိုးပမ်းအားထုတ်မှုတွေကို တိုးမြှင့်ဖို့နဲ့ သူတို့ရဲ့ နျူကလီးယားနဲ့ သမားရိုးကျတပ်ဖွဲ့တွေကို ပေါင်းစည်းဖို့ ပူးပေါင်းကြံစည်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်ကတော့ “ဆိုးလ်နဲ့ မဟာမိတ်ဖွဲ့မှုရဲ့ အဓိက အချက်ကတော့ မြောက်ကိုရီးယားကို ဟန့်တားဖို့ပဲ ဖြစ်ကြောင်းနဲ့ ဒေသတွင်းခြိမ်းခြောက်မှုတွေကို တန်ပြန်တိုက်ခိုက်ဖို့ တောင်ကိုရီးယားမှာ တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေအတွက် ပြောင်းလွယ် ပြင်လွယ်ရှိမှုကိုလည်း ဝါရှင်တန် က စဉ်းစားနေတယ်” လို့ နိုဝင်ဘာ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source:Reuters


