
အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား ၂ နိုင်ငံရဲ့ မြောက်ကိုရီးယားအပေါ် ထိပ်တိုက်ရင်ဆိုင်ရေး ရပ်တည်ချက်ကို ပြီးခဲ့တဲ့အပတ်က အခိုင်အမာကြေညာခဲ့ပြီး မြောက်ကိုရီးယားကလည်း တန်ပြန်အစီအမံတွေ ချမှတ်သွားမယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တောင်ကိုရီးယားကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ခွင့်ပြုဖို့ အစီအစဉ်ဟာ နျူကလီးယား လက်နက်တွေနဲ့ လက်နက်တပ်ဆင်ဖို့ လမ်းခင်းပေးတာဖြစ်တယ်လို့ KCNA က ပြောကြားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နိုဝင်ဘာ ၁၄ ရက် သောကြာနေ့က ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီသဘောတူညီချက်ထဲမှာ တောင်ကိုရီးယားကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို တည်ဆောက်ဖို့ အမေရိကန်ရဲ့ ခွင့်ပြုချက်နဲ့ ဝါရှင်တန်အတွက် "လောင်စာဆီရရှိဖို့ နည်းလမ်းတွေ"ကို ရှာဖွေဖို့ ဆိုးလ်နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့တွေ ပါဝင်ပါတယ်။


