
အမေရိကန်အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန်အခြေစိုက် မြန်မာ့အရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အမေရိကန်အစိုးရက မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့အတွက် ကျားဖြန့်တိုက်ဖျက်ရေးအထူးတပ်ဖွဲ့ (Scam Center Strike Force) ကို ဖွဲ့စည်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့တာပါ။
ဒီအဖွဲ့ဟာ မြန်မာ-ထိုင်းနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနှိမ်နင်းရေးအတွက် ဦးတည် ဖွဲ့စည်းထားတာဖြစ်ပြီး ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင်း အစိုးရလုံခြုံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့အပါအဝင် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေရဲ့ နောက်ကွယ်မှာ ဝှက်ထားတဲ့ နိုင်ငံရေးသဘောထားတွေအပေါ်မှာ မူတည်ပြီး လုပ်ငန်းအောင်မြင်မယ့် အတိုင်းအတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။
Alliance for Democracy in Myanmar အဖွဲ့တည်ထောင်သူ မခင်သီရိနန္ဒာစိုးက “OFAC လို့ခေါ်တဲ့ Office of Foreign Access Control ဒီအဖွဲ့ဟာဆိုလို့ရှိရင် သူတို့ဟာ ကိုရီးယားစစ်ဖြစ်ကတည်းက ၁၉၅၀ လောက်ကတည်းကဖွဲ့ထားတာပေါ့၊ သူတို့မှာက ၂ ပိုင်းရှိတယ်၊ စောင့်ကြည့်သလို ဒါကို ထိရောက်အောင်လို့ တကယ်အရေးယူဆောင်ရွက်မှုတွေကိုလည်းလုပ်တယ်၊ အထူးသဖြင့် စီးပွားရေးနဲ့ ပတ်သက်လာတာတွေ၊ ကုန်သွယ်ရေးအရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်လာတာတွေ အခု စောချစ်သူတို့ ဆိုလို့ရှိရင် သူတို့ အရေးယူပိတ်ဆို့ခံရတဲ့စာရင်းထဲမှာပါတာပေါ့နော်။ နောက်တခါ ရိုးရိုးပြစ်မှုစုံစမ်းစစ်ဆေးဖော်ထုတ်ရေးနဲ့ Intellengence Work တွေနဲ့က နည်းနည်းကွဲပြားပါတယ်၊ သူတို့တွေက FBI ဖက်ဒရယ်အဆင့်တွေပါ ပါဝင်လာပြီဆိုတာဟာ သူတို့ဟာ အချက်အလက်ကို ရရုံတင်မဟုတ်တော့ဘူး၊ ရထားပြီးသားအချက်အလက်ကို သန့်စင်ပြီးသွားပြီ၊ ဒီဟာတွေဟာ တကယ်ဟုတ်သလား၊ မဟုတ်သလား၊ ခွဲခြမ်းစိတ်ဖြာပြီးပြီ၊ သူတို့အနေနဲ့သေချာပြီဆို တဲ့အတွက်ကြောင့်မို့လို့ Task Force တောင်မဟုတ်ဘူးပေါ့၊ Strike Force ဆိုတာ အချိန်မရွေးသူတို့ ဝင်ရောက်ပြီးတော့ ဖမ်းမယ်ဆိုတဲ့ အဲ့ဒီလိုလုပ်နိုင်တဲ့အနေအထားကို ထိုင်းမှာရှိတဲ့ Warroom Task Force နဲ့ ပူးပေါင်းပြီးမှ ဒီကိစ္စတွေကို ထိထိရောက်ရောက်တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
အထူးတပ်ဖွဲ့ဟာ အမေရိကန်အစိုးရ ဦးဆောင်တဲ့ ဌာနပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတခုဖြစ်ပြီး လုပ်ငန်းစဉ်မှာ အမေရိကန်တရားရေးဝန်ကြီးဌာန (DOJ)၊ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI)၊ အမေရိကန်လျှို့ဝှက်စုံစမ်းရေးဌာန (USSS) The U.S. Secret Service (USSS) တို့ အဓိက ပါဝင်ဦးဆောင်နေတာတွေ့ရပါတယ်။
ဒီအဖွဲ့ဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက လိမ်လည်မှုကွန်ရက်တွေကို ဖြိုခွင်းဖို့ ရာဇဝတ်မှုစုံစမ်းစစ်ဆေးတာ၊ ဒဏ်ခတ်ပိတ်ဆို့တာနဲ့ ပိုင်ဆိုင်မှုသိမ်းဆည်းတာအပါအဝင် ဖြစ်နိုင်တဲ့နည်းလမ်းအားလုံးကို အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံတွေက ရဲတပ်ဖွဲ့တွေနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ FBI အေးဂျင့်တွေကို စေလွှတ်တာအပါအဝင် နိုင်ငံတကာအစိုးရချင်းပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိလာမှာဖြစ်ပါတယ်။
LA2M မှ ဦးဂျိမ်းစ်ရွှေက “FBI ပါလာတော့ FBI ကို ကျနော်တို့ သတင်းပေးလို့ရတယ်။ ဒီကလူတွေကလေ၊ သတင်းပေးတဲ့အထဲမှာ ကျားဖြန့်ကရတဲ့ပိုက်ဆံတွေကို ငွေဖြူဖြစ်အောင် လုပ်တဲ့သူတို့၊ အဲ့ဒီကပိုက်ဆံတွေရဲ့ အကျိုးစီးပွားနဲ့ ဒီမှာ အိမ်ဝယ်တယ်၊ ဘာလုပ်တယ်ညာလုပ်တယ် ဆိုရင် ဒီမှာတိုင်လို့ရတယ်ဗျာ။ သတင်းရှိသမျှ အကုန်တိုင်လို့ရတယ်ဆိုတော့ ဒီကလူတွေကတော့ သတင်းရတယ်ဆိုရင် တတ်နိုင်သလောက် FBI ပို့သင့်တယ်၊ ကျားဖြန့်နဲ့ စစ်တပ်နဲ့အဆက်အသွယ် ရှိတာ၊ စစ်တပ်ကနေပြီးတော့ ကျားဖြန့်အတွက်လုပ်ပေးနေတဲ့ သူတို့ ဒလန်တွေဘာတွေ ရှိတယ်ဆိုရင် သတင်းပေးလို့ရတယ်”လို့ ပြောပါတယ်။
အမေရိကန်အစိုးရ၊ ကျားဖြန့်တိုက်ဖျက်ရေးအထူးအဖွဲ့ရဲ့ လတ်တလော ပစ်မှတ်ကတော့ ရာဇဝတ်ကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းရာ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။
အထူးအဖွဲ့ဟာ အချိန်တိုအတွင်းမှာ ဒေါ်လာ သန်း ၄၀၀ ကျော်တန်ဖိုးရှိတဲ့ cryptocurrency တွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဟာ တော်လှန်ရေးအင်အားစုတွေအတွက် အရေးပါတဲ့ဒေသဖြစ်ပြီး အမေရိကန်အစိုးရရဲ့ ကျားဖြန့်နှိမ်နင်းရေး ခြေလှမ်းဟာ တော်လှန်ရေးအင်အားစုတွေအတွက် ကောင်းမွန်တဲ့သက်ရောက်မှုအပြင် သတိထားစရာအချက်တချို့ရှိလာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
Save Myanmar- USAမှ ဦးရင်အေးက “သူတို့နှိမ်နင်းနေပါတယ်ဆိုတဲ့ KK Park ကို ဟန်ဆောင်ဗုံးကြဲပြတာတို့ဘာတို့ ဆိုတာမျိုးတွေလုပ်နေတာတွေ တွေ့နေရတယ်လေ။ သူတို့ ဟန်ပြဆိုတာ သိသာနေတာဆိုတော့ ဒီသတင်းတွေက စစ်ကောင်စီက ကြိုပြီးရနေလို့ US ကို ချဉ်းကပ်ချင်လို့လုပ်နေတာတွေလည်း ဖြစ်နိုင်တယ်ပေါ့နော်။ KNU ကတော့ ကိုယ့်ဒေသမှာလည်း ဖြစ်နေတဲ့ဆိုတဲ့အနေအထားကြောင့် ပိုအရေးကြီးတာပေါ့နော်။ သူတို့အနေနဲ့ အခွင့်အရေးကို မိမိရရဆုပ်ကိုင်ဖို့အတွက် သိပ်အရေးကြီးပါတယ်။ US ကို ပူးပေါင်းဆောင်ရွက်ဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ရမယ်။ စနစ်ကျတဲ့ ချဉ်းကပ်မှုတွေလုပ်ရမယ်။ US နဲ့ ပူးပေါင်းပြီးမှ နှိမ်နင်းမှုတွေပြုလုပ်မယ်ဆိုတဲ့ ကမ်းလှမ်းချက်တွေ ပြောသင့်တယ်ပေါ့နော်။ ရအောင်လုပ် သင့်တယ်။ တကယ်လည်းပူးပေါင်းဆောင်ရွက်သင့်တယ်။ စစ်ကောင်စီကလည်း ဒါကိုသိလို့ US ကို ချဉ်းကပ်ဖို့ ကြိုးစားနေကြတယ်လို့ ကျနော်မြင်တယ်၊ သိပ်အရေးကြီး တယ်ပေါ့နော်၊ အခွင့်အလမ်းတခုတည်းမဟုတ်ဘူး အင်မတန်လည်း သတိထားရမယ့် အနေအထား တခုလည်းရှိနေတယ်ဆိုတာ ထောက်ပြချင်တယ်”လို့ ပြောပါတယ်။
ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေကို သောင်းရင်းမြစ်ကမ်းတလျှောက်က ရွှေကုက္ကို၊ မယ်ထော်သလေး၊ အင်ကြင်းမိုင်၊ ဧက ၁၀၀၊ ရွှေပိတောင်မြိုင်၊ ကျောက်ခက်၊ AA ဆိုက်ဒ်၊ ဝမ်ခ စတဲ့ မြေနေရာတွေမှာ တရုတ် နိုင်ငံသားတွေက ရင်းနှီးမြုပ်နှံပြီး လုပ်ကိုင်နေပါတယ်။
နိုဝင်ဘာ ၁၀ ရက်က ထိုင်းဝန်ကြီးချုပ် အနုထင်းချန်းဝီရကွန်းဟာ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ကို ရောက်ရှိလာပြီး ကျားဖြန့်စစ်ပွဲ ဆင်နွှဲသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရက ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး ဒေသတွင်းကျားဖြန့်လုပ်ငန်းတွေမှာ ကျော်ဇောသတင်းထွက်နေတဲ့ DKBA ဗိုလ်ချုပ်စောဆန်းအောင်ကတော့ စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို နယ်ခြားစောင့်တပ်နဲ့ ပူးပေါင်းတည်ထောင်ခဲ့တဲ့ ကျားဖြန့်ဂိုဏ်း ခေါင်းဆောင် ရှီကျီကျန်းကို နိုဝင်ဘာ ၁၂ ရက်မှာ ထိုင်းအစိုးရက တရုတ်အစိုးရဆီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အမေရိကန်အစိုးရက ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာတဲ့ရက်စွဲနဲ့ တပြိုင်တည်းမှာ ၂၀၂၂ ခုနှစ်တုန်းက ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက တရုတ်အစိုးရဆီကို လက်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။
သုတချမ်းသာ


