
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ဗင်နီဇွဲလားအပေါ် စစ်ရေးအရ အရေးယူမယူ ဆိုတဲ့အပေါ် ဆုံးဖြတ်ချက်တရပ် မကြာမီ ချမှတ်နိုင်ကြောင်း နိုဝင်ဘာ ၁၄ ရက်က ပြောကြားခဲ့ပြီး ဘယ်လိုအရေးယူမယ်ဆိုတာ မပြောနိုင်သေးပေမဲ့ ဆုံးဖြတ်ချက်ချပြီးပါပြီလို့ ဆိုပါတယ်။
ကာရစ်ဘီယံမှာ အမေရိကန်စစ်တပ်ထားရှိနေမှု တိုးပွားလာနေချိန်မှာ ထရမ့်ပ်အစိုးရရဲ့ အကြီးတန်း အရာရှိတွေဟာ ဗင်နီဇွဲလားမှာ ဖြစ်နိုင်ခြေရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ အခုသီတင်းပတ်အတွင်း အိမ်ဖြူတော်မှာ အစည်းအဝေး ၃ ကြိမ် ကျင်းပခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဗင်နီဇွဲလားနဲ့ တင်းမာမှုတွေကို ပိုမိုနက်ရှိုင်းစေတဲ့ စစ်ရေးတည်ဆောက်မှုကို သိသိသာသာ မြှင့်တင်လိုက်ချိန်မှာပဲ အမေရိကန်စစ်တပ်ရဲ့ တောင်ပိုင်းစစ်ဌာနချုပ်ဟာ အနောက်အတ္တလန္တိတ် သမုဒ္ဒရာမှာ ဂျဲရဲလ်ဒ် အာရ်ဖို့ဒ် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
အခုသီတင်းပတ် အစောပိုင်းမှာ ဂျဲရဲလ်ဒ်အာရ်ဖို့ဒ် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ဟာ လက်တင်အမေရိကဒေသကို စစ်လေယာဉ် ၇၅ စင်းကျော်နဲ့ တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ကို သယ်ဆောင်လာခဲ့တာပါ။
ဂျဲရဲလ်ဒ် အာရ်ဖို့ဒ်သင်္ဘော ရောက်ရှိလာမှုကို ပင်တဂွန်က အင်္ဂါနေ့မှာ အတည်ပြုခဲ့ပြီး “မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားမြစ်ဖို့နဲ့ နိုင်ငံတကာရာဇဝတ်အဖွဲ့အစည်းတွေကို ဖြိုခွင်း ဖျက်သိမ်းရာမှာ အထောက်အကူဖြစ်စေလိမ့်မယ်”လို့ ကြေညာချက်တစောင်မှာ ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ကာရစ်ဘီယံနဲ့ လက်တင်အမေရိကရဲ့ ပစိဖိတ်ကမ်းရိုးတန်းတွေမှာ မူးယစ်ဆေးဝါး သံသယရှိတဲ့ သင်္ဘောတွေကို အနည်းဆုံး တိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး အနည်းဆုံး လူ ၇၆ ယောက် သေဆုံးခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ ဗင်နီဇွဲလားကမ်းလွန်မှာ လှေတွေကို ၂ လကြာ တိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက် စစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအဖြစ် ကာရစ်ဘီယံဒေသမှာ ရှိနှင့်ပြီးသား F-35 လေယာဉ်တွေ၊ စစ်သင်္ဘော ၈ စင်းနဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစင်းတို့အပြင် ဂျဲရဲလ်ဒ် အာရ်ဖို့ဒ် သင်္ဘောကြီးကိုလည်း တပ်ဖြန့်ချဖို့ ပြီးခဲ့တဲ့လက အမိန့်ပေးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ စတင်အသုံးပြုတဲ့ ဖို့ဒ် သင်္ဘောကြီးဟာ အမေရိကန် ပြည်ထောင်စုရဲ့ အသစ်လွင်ဆုံးနဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော ဖြစ်ပါတယ်။
အမေရိကန်က ဖို့ဒ်သင်္ဘောကြီးကို ဖြန့်ကြက်မှုအကြောင်း ပထမဆုံးကြေညာခဲ့ချိန်က မာဒူရိုဟာ အမေရိကန်က နိုင်ငံထဲကို ဝင်ရောက်စွက်ဖက်ခဲ့ရင် "ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေ သန်းပေါင်းများစွာဟာ နိုင်ငံတဝန်း ချီတက်ကြလိမ့်မယ်" လို့ သတိပေးခဲ့ပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ ဆယ်စုနှစ်များစွာ သက်တမ်းရှိတဲ့ ရုရှားလုပ် ပစ္စည်းကိရိယာတွေ အပါအဝင် လက်နက်တွေကို ဖြန့်ချထားပြီး အမေရိကန်ရဲ့ လေကြောင်း ဒါမှမဟုတ် မြေပြင်တိုက်ခိုက်မှု ဖြစ်ပေါ်လာရင် ပြောက်ကျားပုံစံ ခုခံမှု ပြုလုပ်ဖို့ ဒါမှမဟုတ် ဆူပူမှုတွေ ဖြစ်ပေါ်စေဖို့ စီစဉ်နေကြောင်း ရိုက်တာသတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ ကြိုးပမ်းမှုတွေနဲ့ စီမံကိန်းစာရွက်စာတမ်းတွေကို သိရှိထားတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သိရပါတယ်။
Source:Reuters


