
စစ်ရေးပဋိပက္ခ ဖြစ်နိုင်ခြေတွေကို ရှောင်ရှားဖို့ ကိုရီးယား ၂ နိုင်ငံကြား စစ်ရေးနယ်နိမိတ် မျဉ်းတလျှောက် ပိုမိုရှင်းလင်းတဲ့ နယ်နိမိတ်သတ်မှတ်ရေး မြောက်ကိုရီးယားစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ အဆိုပြုထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
တောင်ကိုရီးယားရဲ့ အမျိုးသားကာကွယ်ရေးမူဝါဒဆိုင်ရာ ဒုတိယကာကွယ်ရေးဝန်ကြီး ဂင်မ်ဟုန်းချောလ်က “ကိုရီးယား ၂ နိုင်ငံကြား မတော်တဆ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့နဲ့ စစ်ရေးတင်းမာမှုတွေကို လျှော့ချဖို့ စစ်ရေးနယ်နိမိတ်မျဉ်းကိစ္စ အခြေခံမျဉ်းတခု သတ်မှတ်ရေး ဆွေးနွေးဖို့အတွက် မြောက်ကိုရီးယားနဲ့ စစ်ရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ကို တောင်ကိုရီးယားစစ်တပ်က တရားဝင် အဆိုပြုထားပါတယ်” လို့ ရုပ်မြင်သံကြား ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ နယ်စပ်ဘက်ခြမ်းမှာ မိုင်းတွေထောင်တာ၊ လမ်းတွေခင်းတာနဲ့ သံဆူးကြိုးတွေ ကာရံတာတို့ကို လုပ်ဆောင်နေချိန်မှာ သူတို့စစ်သားတချို့ဟာ တောင်ကိုရီးယားဘက်ခြမ်းကို အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့ကြတယ်လို့ ဒုတိယကာကွယ်ရေးဝန်ကြီး ဂင်မ်ဟုန်းချောလ်က ပြောပါတယ်။
“မြောက်ကိုရီးယားစစ်တပ်က စစ်မဲ့ဇုန်ကို ဖြတ်ကျော်ပြီး အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ကြမှုနဲ့ ကျွန်ုပ်တို့ရဲ့စစ်တပ်မှာ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန်မှုတွေဟာ စစ်မဲ့ဇုန်အတွင်း တင်းမာမှုတွေကို မြင့်တက်စေခဲ့ပါတယ်။ ဒီအခြေအနေ ဆက်လက်တည်ရှိနေပါက ကိုရီးယား ၂ နိုင်ငံအကြား စစ်ရေးပဋိပက္ခအဖြစ်ကို မြင့်တက်လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ တိုးနေရပါတယ်။”
၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို စစ်ရပ်စဲရေးစာချုပ်နဲ့ ထိထိရောက်ရောက် အဆုံးသတ်ခဲ့အပြီး ပွင့်ပွင့်လင်းလင်း တိုက်ပွဲတွေ ရပ်တန့်သွားပြီးနောက်မှာ ဆယ်စုနှစ်တွေအတွင်း လူသေဆုံးမှုရှိခဲ့တဲ့ ပဋိပက္ခတွေ တခါတရံ ဖြစ်ပွားခဲ့ပေမဲ့လည်း မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေနဲ့ စစ်ရေးနယ်နိမိတ်မျဉ်းတဝိုက်မှာ ကျူးကျော်မှုတွေ နည်းနည်းချင်း မြင့်တက်လာကြောင်း ဆိုးလ်က ပြောကြားခဲ့ပါတယ်။
Source: Reuters


