
ကာရေဘီယံပင်လယ်ပြင်ကို အမေရိကန်ရဲ့ နည်းပညာအဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော စေလွှတ်ခဲ့အပြီးမှာ ဗင်နီဇွဲလား တာဝန်ရှိသူတွေဘက်က ဆွေးနွေးချင်တဲ့ ဆန္ဒရှိလာတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနဲ့ ဆွေးနွေးဖြစ်နိုင်ခြေရှိပြီး ဘယ်လိုဖြစ်လာမလဲဆိုတာတော့ ကြည့်ရဦးမယ်လို့ ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဂျရယ်ဖို့ဒ် ဟာ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းဖို့ ကာရေဘီယံပင်လယ်ပြင်ထဲ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရောက်ရှိလာတယ်လို့ ရေတပ်က ထုတ်ပြန်ပါတယ်။
ဒီတပ်ဖြန့်မှုဟာ ရေတပ်သင်္ဘော ဒါဇင်ချီနဲ့ တပ်ဖွဲ့ဝင် ၁၂,၀၀၀ နီးပါး ပါဝင်ပြီး ကာရေဘီယံဒေသမှာ ၃၅ နှစ်အတွင်း အကြီးမားဆုံး စစ်အင်အားချထားမှု ဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွင်း စက်တင်ဘာလကတည်းက မူးယစ်ဆေး မှောင်ခိုလှေလို့ ယူဆရတဲ့ လှေတွေကို တိုက်ခိုက်ခဲ့ရာမှာ လူ ၈၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က "Cartel de los Soles" အဖွဲ့ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့အဖြစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ သတ်မှတ်မယ်လို့ ကြေညာလိုက်ပါတယ်။
ဒီမူးယစ်ဂိုဏ်းကို သမ္မတ မာဒူရို နဲ့ သူ့အစိုးရ အရာရှိကြီးတွေက ဦးဆောင်နေတယ်လို့လည်း အမေရိကန်က စွပ်စွဲထားပါတယ်။
သမ္မတ မာဒူရိုကတော့ အမေရိကန်ဟာ စစ်ကို အကြောင်းရှာဖန်တီးနေတာလို့ စွပ်စွဲလိုက်ပြီး ငြိမ်းချမ်းရေး လိုလားကြောင်းနဲ့ နောက်ထပ် လစ်ဗျား၊ အာဖဂန်နစ္စတန်တွေ မဖြစ်စေချင်ဘူးလို့ CNN ကို ပြောခဲ့ပါတယ်။


