
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို လွတ်ငြိမ်းခွင့်ပေးဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဆီနေ လက်ခံရရှိခဲ့ကြောင်း အစ္စရေးသမ္မတ အိုက်ဇက်ဟဲရ်ဇော့ဂ်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
နေတန်ယာဟုဟာ အဂတိလိုက်စားမှုဆိုင်ရာ ရုံးတင်စစ်ဆေးမှုကို ကာလကြာရှည် ရင်ဆိုင်နေရပြီး ထရမ့်ပ်ဟာ သူ့ရဲ့ရင်းနှီးတဲ့ မဟာမိတ်အတွက် လွတ်ငြိမ်းခွင့်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ နေတန်ယာဟု ကလည်း စွဲချက်တွေကို ငြင်းဆိုထားပြီး အပြစ်မရှိကြောင်း ချေပခဲ့ပါတယ်။
ဟဲရ်ဇော့ဂ်ရဲ့ရုံးက မျှဝေထားတဲ့ စာထဲမှာ ထရမ့်ပ်က “အစ္စရေး တရားစီရင်ရေးစနစ်ရဲ့ လွတ်လပ်မှုနဲ့ သူ့ရဲ့သတ်မှတ်ချက်တွေကို လုံးဝလေးစားပေမဲ့ ကျနော်နဲ့အတူ အစ္စရေးရဲ့ အလွန်ခက်ခဲတဲ့ရန်သူ အီရန် အပါအဝင် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့တဲ့ ဘီဘီ (နေတန်ယာဟု အမည်) အပေါ် ဒီအမှုဟာ နိုင်ငံရေးအရ၊ မတရားတဲ့ တရားစွဲဆိုမှုတခု ဖြစ်တယ်လို့ ကျနော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
သမ္မတ ဟဲရ်ဇော့ဂ်ရဲ့ ရုံးခန်းကလည်း သမ္မတရဲ့ လွတ်ငြိမ်းခွင့် တောင်းခံသူတိုင်းဟာ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင်တောင်းဆိုမှု တင်သွင်းရမယ်လို့ ပြောပါတယ်။
ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ နေတန်ယာဟုက “သမ္မတ ထရမ့်ပ်ရဲ့ မယုံနိုင်လောက်အောင် ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်။ ပုံမှန်အတိုင်း သူဟာ လိုရင်းကို အရှိအတိုင်း တိုက်ရိုက် ပြောဆိုခဲ့ပါတယ်။ လုံခြုံရေးကို မြှင့်တင်ပြီး ငြိမ်းချမ်းရေးကို တိုးချဲ့ဖို့အတွက် ကျနော်တို့ရဲ့ မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်ပါကြောင်း” လည်း X မှာ ပို့စ်တင်ခဲ့ပါတယ်။
အောက်တိုဘာလတုန်းက ထရမ့်ပ်ရဲ့ အစ္စရေး ခရီးစဉ်အတွင်း ဂျေရုဆလင်ရှိ လွှတ်တော်ကို မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးချုပ်ကို လွတ်ငြိမ်းခွင့်ပေးဖို့ သမ္မတ ဟဲရ်ဇော့ဂ်ကို တိုက်တွန်းခဲ့ပါသေးတယ်။
နေတန်ယာဟုဟာ စီးပွားရေးသမားတွေဆီက လက်ဆောင်အဖြစ် အစ္စရေးသုံးငွေကြေး ရှက်ကယ်လ် ၇ သိန်း နီးပါး (ဒေါ်လာ ၂၁၁,၈၃၂) လက်ခံရယူခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် အမှု ၃ မှုနဲ့ ၂၀၁၉ ခုနှစ်မှာ တရားစွဲဆိုခံရတာပါ။
၂၀၂၀ ပြည့်နှစ်မှာ စတင်ခဲ့တဲ့ နေတန်ယာဟုရဲ့ ရုံးတင်စစ်ဆေးမှုက မပြီးဆုံးသေးဘဲ နေတန်ယာဟုက စွဲချက်အားလုံးအတွက် အပြစ်မရှိကြောင်း ဝန်ခံထားပါတယ်။
နေတန်ယာဟုက သူ့ရဲ့ တရားရုံးတင် စစ်ဆေးခံရမှုတွေဟာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ လက်ယာယိမ်း ခေါင်းဆောင်တယောက်ကို ဖြုတ်ချဖို့ ရည်ရွယ်တဲ့ အပြစ်ရှာဖွေ လုပ်ဆောင်မှုလို့ ဖော်ထုတ် သုံးနှုန်းထားပါတယ်။
Source: Reuters


