Home
နိုင်ငံတကာ
နိုက်ဂျီးရီးယားကို အကူအညီအားလုံး ရပ်ဆိုင်းပြီး စစ်ရေးအရ အရေးယူမည်ဟု ထရမ့်ပ် ခြိမ်းခြောက် 
DVB
·
November 6, 2025
Photo: Reuters

နိုက်ဂျီးရီးယားနိုင်ငံဟာ ခရစ်ယာန်ဘာသာဝင်တွေအား သတ်ဖြတ်နေမှုကို မနှိမ်နင်းဘူးဆိုရင် အမေရိကန် ပြည်ထောင်စုဟာ အာဖရိကနိုင်ငံကို အကူအညီတွေ၊ ထောက်ပံ့မှုတွေ အားလုံးကို ရပ်တန့်ပစ်တော့မှာဖြစ်ပြီး နိုက်ဂျီးရီးယားနိုင်ငံထဲကို စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ ဝင်ရောက်ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ထရမ့်ပ်က နိုဝင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

“နိုက်ဂျီးရီးယားနိုင်ငံအနေနဲ့ ကြိုက်နှစ်သက်မှာ မဟုတ်တဲ့ ကိစ္စတွေကို အမေရိကန်က လုပ်ဆောင်သွားမှာဖြစ်ပြီး အခုခါ ဂုဏ်သိက္ခာ ကျဆင်းနေတဲ့နိုင်ငံထဲကို လက်နက်ကိုင် ဝင်ရောက်ပြီး ကြောက်စရာကောင်းတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေတဲ့ အစ္စလာမ်အကြမ်းဖက်သမားတွေကို လုံးဝဖယ်ရှားပစ်ဖို့ ရည်ရွယ်ထားတယ်။” 

ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တယ်လို့ဆိုတဲ့ နိုင်ငံများစာရင်းမှာ နိုက်ဂျီးရီးယားကို ပြီးခဲ့တဲ့အပတ်မှာ ထရမ့်ပ်က ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် နိုက်ဂျီးရီးယားဟာ ခရစ်ယာန်တွေအပေါ် သတ်ဖြတ်မှုကို မရပ်တန့်ဘူးဆိုရင် အမေရိကန် ကာကွယ်ရေးဌာနကို ဖြစ်နိုင်ခြေရှိတဲ့ လုပ်ဆောင်ချက်တွေအတွက် ပြင်ဆင်ထားဖို့လည်း နိုဝင်ဘာ ၁ ရက်မှာ ညွှန်ကြားထားကြောင်း ပြောဆိုပါတယ်။

နိုက်ဂျီးရီးယားကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်တဲ့နိုင်ငံအဖြစ် သတ်မှတ်တဲ့ ဝါရှင်တန်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ၂ နိုင်ငံအကြား သံတမန်ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။ 

နိုက်ဂျီးရီးယားအစိုးရကတော့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက "အထူးစိုးရိမ်ဖွယ်နိုင်ငံ" အဖြစ် သတ်မှတ်ခြင်းကို ပယ်ချခဲ့ပြီး အဲဒီလုပ်ရပ်ဟာ သတင်းအချက်အလက် အမှားတွေနဲ့ မှားယွင်းတဲ့ ဒေတာတွေအပေါ် အခြေခံတာဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

နိုက်ဂျီးရီးယား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အိုလူဖှယ်မီ အိုလူယတ်ဒယ်က နိုက်ဂျီးရီးယားနိုင်ငံဟာ ခရစ်ယာန်ဘာသာဝင်တွေအပေါ် နှိပ်စက်ညှဉ်းပန်းမှု မဟုတ်ဘဲ အကြမ်းဖက်မှုကို ရင်ဆိုင်နေရတာဖြစ်ကြောင်းနဲ့ နိုက်ဂျီးရီးယားသမ္မတနိုင်ငံရဲ့ နယ်မြေပိုင်နက်ကို လေးစားသမှုရှိနေသရွေ့ အစ္စလာမ္မစ်သူပုန်တွေကို တိုက်ဖျက်ရာမှာ အမေရိကန်ရဲ့အကူအညီကို ကြိုဆိုမှာဖြစ်ကြောင်း နိုက်ဂျီးရီးယား သမ္မတရုံးက ပြောထားတယ်လို့ ဆိုပါတယ်။ 

ပြန်ကြားရေးဝန်ကြီး မိုဟာမက် အီဒရစ်က အကြမ်းဖက်မှုကြောင့် ခရစ်ယာန်တွေရော၊ မွတ်စလင်တွေပါ ၂ မျိုးစလုံးကို ထိခိုက်စေခဲ့ပြီး အစိုးရအနေနဲ့ စစ်ရေးလုပ်ဆောင်မှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအပြင် နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ဆွေးနွေးမှုတွေမှတဆင့် အစွန်းရောက်အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ကတိပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ရိုးရာကိုးကွယ်မှုတွေကို ယုံကြည်သက်ဝင်ကြတဲ့ လူမျိုးစုပေါင်း ၂၀၀ ကျော် ရှိတဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေ ရှိထားပေမဲ့ လူမျိုးရေးတင်းမာမှုတွေနဲ့ ရှားရှားပါးပါး အရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်မှုတွေကြောင့် ရံဖန်ရံခါ အကြမ်းဖက်မှုတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013