Home
နိုင်ငံတကာ
အခွန်ကောက်မည့် ခြိမ်းခြောက်မှုဖြင့် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကို ရှောင်ရှားနိုင်ခဲ့ဟု ထရမ့်ပ်ပြော
DVB
·
October 30, 2025
Photo: REUTERS/Evelyn Hockstein

အခုနှစ်ထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန်အကြား လက်နက်ကိုင်ပဋိပက္ခကို နှစ်နိုင်ငံစလုံးအပေါ် ၂၅၀ ရာခိုင်နှုန်း အခွန်ကောက်မယ်လို့ ခြိမ်းခြောက်ခြင်းဖြင့် ကာကွယ်နိုင်ခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဒီပမာဏဟာ ဘယ်နိုင်ငံထက်မဆို ထရမ့်ပ်က ပြောခဲ့ဖူးသမျှထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။ မေလက ခဏဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ ဆက်ဖြစ်မယ်ဆိုရင် အမေရိကန်အစိုးရက ကုန်သွယ်မှုကို ရပ်တန့်ပြီး အခွန်တွေ ကြီးကြီးမားမား ကောက်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ ပါကစ္စတန် ခေါင်းဆောင်တွေဆီ ဖုန်းဆက်ပြောဆိုခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေး တောင်းဆိုမှုကို အစပိုင်းမှာ ငြင်းဆန်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ နောက်ဆုတ်ခဲ့ကြတယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

“တနိုင်ငံချင်းစီကို ၂၅၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကျနော် ပြောခဲ့တယ်ဆိုတော့ ဒါက ခင်ဗျားတို့ စီးပွားရေး ဘယ်တော့မှ လုပ်လို့ရမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါက ကျနော်တို့က သူတို့နဲ့ စီးပွားရေး မလုပ်ချင်ဘူးလို့ ပြောဖို့ ကောင်းတဲ့နည်းလမ်းပါပဲ” လို့ ထရမ့်ပ်က တောင်ကိုရီးယားမှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အာရှနိုင်ငံများစွာနဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို ရည်ညွှန်းပြောကြားခဲ့တာဖြစ်ပြီး ပရိသတ်တွေက လက်ခုပ်တီးခဲ့ကြပါတယ်။

ထရမ့်ပ်ဟာ အရင်က စစ်ရေးတိုက်ခိုက်မှုတွေအတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေးကို ရပ်မယ်ဆိုတဲ့ သတိပေးချက်တွေနဲ့ ပတ်သက်ပြီး အလားတူ အခိုင်အမာ ပြောခဲ့ဖူးပြီး အိန္ဒိယက ပယ်ချခဲ့ပါတယ်။

ထရမ့်ပ်ရဲ့စကားတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို အိန္ဒိယနဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။

ရန်လိုမှုတွေကို ရပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာက ပါကစ္စတန်ရဲ့ တောင်းဆိုမှုကြောင့်လို့ အိန္ဒိယအစိုးရက ပြောပါတယ်။

ပါကစ္စတန်ကတော့ ထရမ့်ပ်ကို ကြားဝင်စေ့စပ်ပေးတဲ့ အခန်းကဏ္ဍကနေ ပါခဲ့လို့ ကျေးဇူးတင်ကြောင်း ပြောခဲ့ပြီး စစ်ပွဲကို ရပ်ခိုင်းခဲ့တဲ့အတွက် နိုဘယ်လ်ဆုအတွက် ထရမ့်ပ်ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

အမေရိကန်အစိုးရဟာ နောက်ပိုင်းမှာ အိန္ဒိယကုန်ပစ္စည်းတချို့အပေါ် ၅၀ ရာခိုင်နှုန်းအထိ ပြစ်ဒဏ်ပေးတဲ့ အခွန်တွေ ချမှတ်ခဲ့ပြီး နှစ်ဖက်စလုံးက ကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးနေခဲ့တာပါ။

ဒါပေမဲ့ ဩဂုတ် ၂၇ ရက်ကစပြီး အိန္ဒိယအစိုးရက ရုရှားရေနံတွေကို ဆက်ဝယ်နေလို့ ၂၅ ရာခိုင်နှုန်း အခွန်ထပ်ကောက်ခဲ့ပါတယ်။

ထရမ့်ပ်ဟာ ပါကစ္စတန်အပေါ် အခွန်တွေကို ကနဦး ၂၉ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013