
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ ပေကျင်းနဲ့ ယုံကြည်မှု ပြန်လည်ထူထောင်ရာမှာ တိုးတက်မှုများစွာ ရရှိခဲ့ကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံဖို့ ဆိုးလ်ရဲ့ ကြိုးပမ်းမှုတွေမှာ ကြားဝင်ညှိနှိုင်းပေးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တောင်းဆိုထားကြောင်းလည်း ဇန်နဝါရီ ၇ ရက်မှာ ပြောပါတယ်။
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားအကြောင်း ဆွေးနွေးရာမှာ စိတ်ရှည်သည်းခံဖို့ လိုအပ်ကြောင်း သတိပြုမိတယ်လို့ တရုတ်ခေါင်းဆောင်က ပြောကြားခဲ့ကြောင်းလည်း အခုသီတင်းပတ်မှာ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တဲ့ အီဂျယ်မြောင်က ပြောပါတယ်။
အီဂျယ်မြောင်ဟာ ရှန်ဟိုင်းမြို့မှာ တောင်ကိုရီးယားမီဒီယာတွေနဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး သူ့ရဲ့ပြောကြားချက်တွေကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
ဆိုးလ်ဟာ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပါဝင်ဖို့နဲ့ ဆက်ဆံရေး တိုးတက်စေဖို့အတွက် ခုထိ မအောင်မြင်သေးပေမဲ့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ဖို့ ချမှတ်ထားကြောင်းနဲ့ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်းမှု အခန်းကဏ္ဍမှာ ရှီကျင့်ဖျင်ကို ပါဝင်ဖို့ တောင်းဆိုခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။
သံတမန်ဆက်ဆံရေးဟာ အချင်းချင်းရဲ့ အဓိက အမျိုးသားအကျိုးစီးပွားတွေကို ဟန်ချက်ညီအောင် လုပ်ဆောင်ရာမှာ ရှုပ်ထွေးကြောင်းလည်း အီဂျယ်မြောင်က ရှီကျင့်ဖျင်ကို ပြောကြားခဲ့ကြောင်းနဲ့ တိုကျိုနဲ့ ပေကျင်းအကြား မကြာသေးမီက တင်းမာမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထပ်လောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားအနေနဲ့ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးလိုပဲ အရေးကြီးကြောင်း အီဂျယ်မြောင်က ပြောဆိုပါတယ်။
အီဂျယ်မြောင်ဟာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်နေတာဖြစ်ပြီး ရှီကျင့်ဖျင်နဲ့ သူ့ရဲ့တွေ့ဆုံမှုဟာ ၃ လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
Source: Reuters


