
လွန်ခဲ့တဲ့ ၄ လလောက်က ကမ္ဘောဒီးယား ကျားဖြန့်ဂိုဏ်းထဲကို မြန်မာလူငယ်လေးတယောက် ယောင်ချာချာနဲ့ ရောက်သွားခဲ့ပါတယ်။ သူက မန္တလေးတိုင်းကဖြစ်ပြီး အမြွှာညီအစ်ကိုထဲက အကြီးကောင် ဖြစ်ပါတယ်။ သူတို့ အမြွှာညီအစ်ကို ၂ ယောက်ဟာ ခွဲမရအောင် ရုပ်ချင်းဆင်ပြီး တယောက်နဲ့ တယောက် ၅ မိနစ်ခြားပြီး မွေးလာခဲ့တဲ့ ညီအစ်ကိုတွေပါ။
အစ်ကိုဖြစ်သူ ကမ္ဘောဒီးယားကို ရောက်သွားရတဲ့ အကြောင်းအရင်းက သူတို့လမ်းထဲက အုပ်ချုပ်ရေးမှူးက သူ့ကို လူစားထိုးပြီး စစ်မှုထမ်းစာရင်းထဲ ထည့်လိုက်လို့ပါ။ စစ်မှုမထမ်း မနေရ ဆိုတဲ့ ဥပဒေဟာ ကျပ် သိန်း ၅၀၊ သိန်း ၃၀ နဲ့ လူစားထိုးလို့ရတဲ့ စစ်မှုထမ်းဥပဒေကြီး၊ ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတဲ့ ဥပဒေကြီးက ပိုက်ဆံအမ်းလိုက်တာနဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ ဥပဒေကြီးရယ်ပါ။
အကြီးကောင်လေးကို စစ်မှုထမ်းဖို့ လူစားထိုး ထည့်လိုက်ပြီလို့ သတင်းရရချင်း သူ့အမေက ချက်ချင်းပဲ ပိုက်ဆံချေးငှားပြီး သူတို့အဒေါ်နေတဲ့ နေရာကို သွားရှောင်ခိုင်းလိုက်တယ်။ ဒါကလည်း အရမ်းကြီး စိတ်ချရတဲ့ အနေအထား မဟုတ်မှန်း သိနေတဲ့ အကြီးကောင်လေးက ထိုင်းနိုင်ငံဘက်ကို အရဲစွန့်ပြီး ထွက်သွားခဲ့ပါတယ်။ တဖက်မှာ သူ့မိဘတွေကလည်း ရင်တမမနဲ့ ကြောက်စိတ်က ငယ်ထိပ်ရောက်နေတာပါ။ အခန့်မသင့်ရင် သူ့သားကို ဖွက်ထားတယ်ဆိုပြီး ဖမ်းမှာလည်းကြောက်၊ သူ့သားကို ရှာတွေ့သွားရင် ရှေ့တန်းပို့ခံရမယ်ဆိုတဲ့ ပူပန်မှုတွေနဲ့ မိခင်တယောက်ရဲ့ သောကတွေ ဘယ်လောက် လောင်မြိုက်နေမလဲ ကိုယ်ချင်းစာမိပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး အစပိုင်းမှာ သူတို့ကို ပြန်ခုခံ တော်လှန်တိုက်ခိုက်ဖို့ တောထဲမှာ အဆင်းရဲခံ၊ အပင်ပန်းခံပြီး စစ်ရေးလေ့ကျင့်နေတဲ့ PDF တွေကို အထင်သေးခဲ့တယ်။ လက်နက်ချင်းယှဉ်ပြီး တိုက်ခိုက်ဖို့တောင် အသက်နဲ့ရင်းပြီး ရန်သူဆီက သေနတ်ကို ပြန်လုယူနေရတဲ့ အခြေအနေဆိုတော့ PDF တွေကို စစ်သားအိုတွေ အထင်သေးတာ မဆန်းပါဘူး။ ဒါပေမဲ့ အထင်နဲ့အမြင်က တခြားစီရယ် တက်တက်စင်အောင်လွဲတာ ထင်သာမြင်သာကြီး။ PDF တွေကိုလည်း နိုင်အောင်မတိုက်ထုတ်နိုင်၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေတွေပါ လက်လွှတ်လိုက်ရတဲ့အပြင် တပ်ထဲမှာလည်း အကွဲကွဲအပြဲပြဲနဲ့ ပြိုကွဲလာနေတော့ ကောက်ကျစ်ယုတ်မာတဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာပါပဲ။ ဒီဥပဒေက သူတို့အတွက်တေ့ာ အလုံခြုံဆုံး ခံတပ်ကြီးတခု၊ အခိုင်မာဆုံးဒိုင်း၊ လူငယ်တွေက သူတို့အတွက် အသုံးချခံ မြေစာပင်။ လူငယ်မြေစာပင်လေးတွေဘက်ကကြည့်ရင် ဒီဥပဒေက ရက်ရက်စက်စက် ပက်ဖျန်းမဲ့ ဓာတုအဆိပ်ရည်၊ အင်မတန်ပြင်းတဲ့ အဆိပ်။ ဆန္ဒမပါဘဲ ဘဝနဲ့ အသက်ကို ရင်းရမဲ့ အမှောင်ထဲက ထောင်ချောက်ကြီး။
ဒီလိုအခြေအနေမှာ စစ်မှုမထမ်းချင်တဲ့ လူငယ်တချို့ PDF တွေနဲ့ ပူးပေါင်းပြီး အာဏာရှင်ကို တော်လှန်ဖို့ တောခိုသွားတယ်။ တချို့လည်း အချိန်မီ နိုင်ငံခြားကိုထွက်ပြီး အလုပ်လုပ်၊ တချို့က နီးစပ်ရာ အိမ်ချင်းနိုင်ငံတွေကို သွားရောက်ခိုလှုံကြတယ်။ အသက် ၂၀ ကျော် လူငယ်တွေဆိုတာ သူများနိုင်ငံမှာ အတန်းပညာတွေ၊ ဘဝအတွက် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်တွေကို ဆည်းပူးသင့်သလောက် လေ့လာဆည်းပူးနေတဲ့ အရွယ်၊ တချို့ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေကြပြီ။ မြန်မာနိုင်ငံမှာတော့ အသက် ၂၀ ကျော် လူငယ်လေးတွေဟာ ယုံကြည်မှုအပြည့်နဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက် တောက်ပတဲ့ အိပ်မက်တွေနဲ့အတူ ခရီးဆက်နေရမဲ့အစား တချို့ သေနတ်ကိုင်နေရတယ်၊ တချို့ ထွက်ပြေးနေရတယ်၊ တချို့ ပုန်းလို့ တချို့ ကြယ်ပွင့်တွေ တဖြုတ်ဖြုတ်ကြွေရ။ အိမ်ထဲက လူငယ်တွေ အိမ်ပြင်မထွက်ရဲ၊ အိမ်အပြင်ရောက်နေတဲ့ လူငယ်တွေက အိမ်ပြန်ရောက်ဖို့ ရင်တမမနဲ့ ဘယ်မှာလဲ လွတ်လပ်ခြင်း၊ ကိုယ့်အိမ်မှာနေပြီး ကြောက်နေရတာ၊ နိုင်ငံသားဖြစ်ပြီး နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ အာဏာရှင်လက်ခုပ်ထဲက ပြည်သူတွေဘဝမှာ လူငယ်ဦးရေတွေ လျော့နည်းလာတာ ဝမ်းနည်းစရာပါ။
ဒီနေရာမှာ ပြောစရာရှိလာတာက စစ်မှုထမ်းဥပဒေကနေ လွတ်ရင် ပြီးရောဆိုတဲ့ စိတ်ဇောနဲ့ ထွက်လာတဲ့ လူငယ်တွေဟာ ဒီဘက်ကိုရောက်လာတဲ့အခါ တချို့က အသိမိတ်ဆွေမရှိ၊ ဘယ်နေရာရောက်လို့ ရောက်နေမှန်းမသိ ပြည်ပမှာ တယောက်တည်းနေရတဲ့ စိတ်မလုံမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒီလို အတွေ့အကြုံမရင့်သေးတဲ့ လူငယ်တွေဟာ မသမာသူတွေအတွက် မျက်စိကျစရာ ဖြစ်လာပါတယ်။ သူတို့ကို အလုပ်အကိုင်ပေးမယ်ဆိုပြီး ကူညီသလိုလိုနဲ့ ချဥ်းကပ်လာတဲ့သူကို ယုံသွားတတ်ကြတယ်၊ အားကိုးတကြီးနဲ့ ကယ်တင်ရှင်လို့တောင် ထင်သွားကြတယ်။ ဒါက အန္တရာယ်ရဲ့ ကနဦးအစ ဖြစ်လာပါတယ်။ ဒီလိုနဲ့ လူငယ်တွေဟာ စစ်မှုထမ်းဥပဒေရဲ့အောက်မှာ တိုက်ပွဲတွေရဲ့ မြေစာပင်ဖြစ်လာပြီး လူကုန်ကူးသမားတွေနဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်လာပါတယ်။
ကမ္ဘောဒီးယားကို ရောက်သွားတဲ့ အမြွှာအကြီးကောင်လေးကို ဒေါ်လာ ၅,၀၀၀ နဲ့ ပြန်ရွေးဖို့ မိဘတွေကို ဆက်သွယ်ခိုင်းတယ်လို့ သိရတယ်။ မိဘတွေ စိတ်ပူမှာစိုးတော့ မိဘတွေကို ပြောမထွက်ဘဲ သူ့ညီနဲ့ ညီမကိုပဲ အသိပေး ပြောပြခဲ့တာပါ။ ဒီလိုအဖြစ်အပျက်မျိုး ထိုင်းနိုင်ငံ၊ ရနောင်းမှာ ဖြစ်ဖူးပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ လလယ်လောက်မှာပါပဲ။ သူကလည်း ကျမမိတ်ဆွေရဲ့သားပါ။ သူက ပတ်စ်ပို့နဲ့ ဘန်ကောက်ရောက်လာပြီး စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ပါတယ်။ နောက်တော့ ဝဏ္ဏလို့ခေါ်တဲ့ အလုပ်သမားခေါင်းဆောင်က လူသစ်မို့ နှိမ်ချင်တယ်၊ အသက်ကလည်း ၁၉ နှစ်တောင် မပြည့်သေးတော့ သူ့ကို ပိုခိုင်းတယ်၊ သူဌေးက ယူနီဖောင်းအသစ်တွေ ပေးရင် သူ့ကို ချန်ထားခဲ့ပြီး ကျန်တဲ့သူကိုပဲ ပေးတယ်။
အဲလိုမျိုး ခွဲခြားဆက်ခံတာ၊ နှိမ်တာတွေကြောင့် သူဆက်မလုပ်ချင်တော့ဘူး။ နောက်ပိုင်း အွန်လိုင်းမှာသိတဲ့ သူ့ထက်အသက်ကြီးတဲ့ လူတယောက်နဲ့ စကားပြောမိရင်း ရနောင်းကိုလာခဲ့ဖို့နဲ့ သူအလုပ်ရှာပေးမယ်၊ ဆင်းလာခဲ့လို့ ပြောလို့ ကောင်လေးက ဆင်းသွားတယ်။ ဟိုလည်းရောက်ရော ပတ်စ်ပို့ သိမ်းလိုက်တယ် ပြန်မပေးဘူး၊ အပြင်လည်း ပေးမထွက်ဘူး။ ဒါက မြန်မာအချင်းချင်းလုပ်တာ။ ကောင်လေးရဲ့ အမေ၊ ကျမရဲ့ လေးစားရတဲ့ အသိမိတ်ဆွေ အမဆီကို ပိုက်ဆံလှမ်းတောင်းတယ်၊ သိန်း ၅၀ ပေးရင် လွှတ်ပေးမယ်ဆိုပြီး။ မအေလုပ်တဲ့သူက သားဇောနဲ့ဆိုတော့ လက်ထဲရှိသေးတဲ့ ဆွဲကြိုးနဲ့ လက်စွပ်လေး ၂ ကွင်းကို အကုန်ထုတ်ရောင်းပြီး သိန်း ၅၀ ပို့လိုက်တယ်။ ဒါပေမဲ့ လုံးဝပြန်မလွှတ်ဘူး၊ သိန်း ၅၀ ကုန်သွားတော့ နောက်ထပ် သိန်း ၅၀ ထပ်တောင်းတယ်။
အဲဒီတော့ ထိုင်းနယ်မြေထဲရှိနေတဲ့ တက်တူးတွေထိုးထားတဲ့ ဆယ်လီအစ်ကိုကြီးကို အကူအညီတောင်းတော့ အဲဒီ ဆယ်လီအစ်ကိုကြီးက သူ့သူငယ်ချင်းနဲ့ ချက်ချင်းလိုက်သွားပြီး အဲဒီလူကို လိုက်ရှာတယ်၊ တွေ့လည်းတွေ့ မြန်မာအချင်းချင်း ဒီလို ကလိန်ကကျစ် ကျစရာလား၊ လုပ်စရာလားဆိုပြီး မင်းအပြစ် မင်းသိရင် အခု ရဲစခန်းသွားမယ်၊ လာဆိုတော့ အဲဒီငနဲ သူ့အလှည့်ကျတော့ ထောင်ကျမှာကြောက်လို့ ကျနော့်ကို ရဲလက်တော့ မအပ်ပါနဲ့၊ လက်သီးနဲ့သာ အကြိုက်ထိုးပါဆိုလို့ ဆယ်လီအစ်ကိုကြီးက သွားတွေကျွတ်၊ နှုတ်ခမ်းတွေ ကွဲတဲ့အထိ ဆုံးမခဲ့ပြီး ကောင်လေးကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဒီဖြစ်စဥ်ကြီးကို အဲဒီက ကျမကို ပြောပြခဲ့တုန်းကလည်း တော်တော်စိတ်မကောင်းဖြစ်ရသလို ကိုယ့်မြန်မာအချင်းချင်း မကူညီဘဲ အခုလို ငွေလိမ်စားနေတာကြီး ကြားရတော့ အသည်းနာလွန်းပါတယ်။
ကမ္ဘောဒီးယားက အကြီးကောင်လေးတော့ ကျားဖြန့်ထဲမှာ စားခံရတာ။ ထွက်ပြေးဖို့လုပ်ရင် ခြေချိုးပစ်လိုက်တယ်တဲ့။ ဒါမှမဟုတ် တိုက်ပိတ်ပြီး ကျဉ်စက်နဲ့ တို့တယ်တဲ့။ သူ့လိုပဲ တခြားသူတွေလည်း ရှိသလို ရွယ်တူ မြန်မာနိုင်ငံသားတွေလည်း အများကြီးပဲတဲ့။ သူတို့က အလုပ်က ငွေလိမ်ပေးရတဲ့အလုပ်။ လစာလည်း မရဘူးလို့ သိရပါတယ်။ တချို့က စစ်မှုထမ်းရမှာ ကြောက်လို့ ထွက်ပြေးလာတာရယ်၊ တခြားအကြောင်းတွေလည်း ပါလိမ့်မယ်။ လှည့်စား ဖြားယောင်းနေတဲ့ လူလိမ်တွေကတဆင့် ကမ္ဘောဒီးယားကို အောက်လမ်းကနေ ရောက်သွားတာပါ။ ကျားဖြန့်ထဲ ယောင်လည်လည်နဲ့ ရောက်သွားတဲ့ အကြီးကောင်လေးဟာ ဖေ့စ်ဘွတ်ခ် ဆယ်လီတယောက် မဟုတ်သလို influencer လည်း မဟုတ်ပါဘူး။ နည်းပညာကိုလည်း ကောင်းကောင်းနားမလည်၊ မန္တလေးစျေးချိုမှာ ကုန်ထမ်းနေတဲ့ နေ့စား အလုပ်သမားလေးတယောက်သာ ဖြစ်ပြီး အားတဲ့အချိန် ဂိမ်းထိုင်ဆော့နေတဲ့ လူငယ်လေးတယောက်သာ ဖြစ်လို့ သူက အွန်လိုင်းကနေ ရုပ်လေးဗန်းပြပြီး ငွေလိမ်လို့ရမဲ့ ကလေးလည်း မဟုတ်သလို အွန်လိုင်းပေါ်ကနေ ငွေလိမ်တဲ့နည်းကို ဘယ်လို သင်ပေးသင်ပေး ငွေလိမ်ပေးမဲ့ကလေး မဟုတ်တာကြောင့် မိဘတွေကို ဒေါ်လာ ၅,၀၀၀ နဲ့ ပြန်ရွေးဖို့ ဟိုဘက်က အကြောင်းကြားတာပါ။
သူနဲ့ နောက်ဆုံး စကားပြောခဲ့တဲ့နေ့ သူပြောခဲ့တာက ဒေါ်လာ ၅,၀၀၀ ဆိုတာ မြန်မာငွေနဲ့ဆို နည်းတာမဟုတ်ဘူး။ ဖေကြီးလည်း မကယ်နိုင်ဘူး၊ မေကြီးလည်း မကယ်နိုင်ဘူး၊ ငါတော့ အပြန်လမ်း မရှိတော့ဘူး၊ ငါ့ဘဝ ပြီးသွားပြီ။ အခု ပြစ်ဒဏ်တွေ စပေးနေပြီ၊ သိပ်မကြာခင် ငါ့ဖုန်းကို လာသိမ်းတော့မှာ၊ ရွှေငါးဆိုင်ကိုသွားပြီး လှောင်ကန်ထဲက ငါးတွေကို တတ်နိုင်သလောက်ဝယ်ပြီး ဘုရားကြီးကန်ထဲ လွှတ်ပေးပါ။ အဖေ အမေ မသိပါစေနဲ့။ ဘုရားကြီးမှာ ငှက်ကလေးတွေ လွှတ်ပေးပါ။ ငါ မရှိတော့ရင် ဖေကြီးနဲ့ မေကြီးကို ဂရုစိုက်ပေးပါ။ ဒီစကားတွေကတော့ လွန်ခဲ့တဲ့ ၄ လလောက်က သူနဲ့ သူ့ညီတို့ မနက်စောစော မက်ဆင်ဂျာကနေ ပြောထားတဲ့ နောက်ဆုံးစာတွေပါ။ တကယ်တော့ သူဟာ အခုထိ အသက်ရှင်နေသေးလား၊ သေသွားပြီလားဆိုတာ ဘာအဆက်အသွယ်မှ မရတော့ပါဘူး။ ဒီအကြောင်းကို ညီဖြစ်သူက ကျမကို ပြောပြနေချိန် နားထောင်ရတာ တော်တော်လေး စိတ်ကိုမကောင်းဖြစ်မိပါတယ်။ သူဟာ ဆုံးသွားတဲ့ ကျမအမျိုးသားရဲ့ တူအရင်းလည်း ဖြစ်တာကြောင့် ကူညီကယ်ထုတ်ချင်ပေမဲ့ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ လူငယ်တွေအားလုံး အာဏာရှင်လက်အောက်မှ ကင်းလွတ်ကြပါစေလို့ ဆုတောင်းပေးနေမိပါတော့တယ်။
မိုင်ဇင်


