
စစ်မှုထမ်းဥပဒေ အတည်ပြုပြီး ၂ နှစ်နီးပါး ကြာလာချိန်မှာတော့ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၂၁ ထိ စုဆောင်းဖွင့်လှစ်ထားနိုင်ပြီး လူငယ်ပေါင်း ၈၀,၀၀၀ နီးပါး စစ်မှုထမ်းသင်တန်းဆင်းထားပါတယ်။
စစ်မှုထမ်းဥပဒေကြောင့်ပဲ လူငယ်တွေရဲ့ ဘဝတွေက ရိုက်ချိုးခံခဲ့ရပြီး ထောင်သောင်းများစွာသော လူငယ်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လာမဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုတာ ၂ နှစ်ပြည့်မှာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်မှာတော့ စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်တာ ၁ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း တိုင်းပြည်ရဲ့ စွမ်းအားစုတွေဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေပါ ပျောက်ဆုံးခဲ့ရပါတယ်။
အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်း အတင်းအဓမ္မ စုဆောင်းရာမှာ မဲနှိုက်တဲ့အချိန် ကိုယ့်နာမည်မပါပေမဲ့ ငွေရှိသူတွေက ငွေပေးလို့ ကိုယ့်နာမည် အပြောင်းခံရမှာ စိုးရိမ်ခဲ့လို့ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း လူငယ်တယောက်က ပြောပါတယ်။
“ဒီစစ်မှုထမ်းဥပဒေကြောင့် ကျနော်တို့လူငယ်တွေ ကိုယ့်အိမ်က အလုပ်ကို မလုပ်ရတဲ့ လူငယ်တွေ အများကြီးပဲ ကျနော်တို့ဘက်မှာဆို။ ကျနော်ဆိုလည်း အဲဒီလိုပဲ မိဘအလုပ်ကို လုပ်နိုင်ပေမဲ့ မလုပ်ခဲ့ရဘူး၊ လုပ်ခွင့်မရဘူး၊ အေးဆေးနေလို့မရခဲ့ဘူး။ ပိုက်ဆံရှိတဲ့လူကတော့ ပိုက်ဆံနဲ့ ရှင်းလို့ ရပေမဲ့ မရှိတဲ့သူတွေအတွက်ကတော့ ဖြစ်လာရင် အခုချိန်ထိ ရှောင်တိမ်းပြေးနေရတုန်းပဲ။ အရာအားလုံး ခြုံငုံကြည့်ရင် ကိုယ့်အိမ်မှာပဲ နေချင်ကြတဲ့လူတွေချည်းပဲလေနော်။ စစ်မှုထမ်းဥပဒေက လူငယ်တွေအကုန်လုံးကို ဘဝပျက်ရုံတင်မဟုတ်ဘူး၊ အကုန် တကွဲတပြားစီနဲ့ စုတ်ပြတ်သွားစေတဲ့ အရာပါပဲ။”
အာဏာသိမ်းဖြစ်စဉ်ပြီးရင် ဒုတိယအကြီးဆုံးရိုက်ခတ်မှုဖြစ်တဲ့ စစ်မှုထမ်းဥပဒေ ထွက်ရှိပြီး ၂ နှစ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၂၁ ထိ ရောက်ရှိလာခဲ့ပြီး စစ်မှုထမ်း အပတ်စဉ် ၁၆ ထိကို သင်တန်းဆင်းတပ်သား ၇၇,၀၀၀ ဝန်းကျင်ထိ ရှိခဲ့ကြောင်း DVB ဒေတာအဖွဲ့က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ဇာတိမြေနဲ့ အိုးအိမ်စွန့်ခွာခဲ့ရသလိုပဲ ဆယ်ကျော်သက်လူငယ်တွေရဲ့ မိဘတွေမှာလည်း ပူပန်သောကတွေနဲ့ သားသမီးတွေကို အိမ်နဲ့ အဝေးမှာ တိမ်းရှောင်စေခဲ့ရပါတယ်။
မိခင်တယောက်က “အခုဆို အန်တီ့သားကို ပြည်ပကိုလွှတ်ထားတာ၊ မြန်မာပြည်မှာက စစ်မှုထမ်းဥပဒေကြောင့် ကိုယ့်ကလေးကို မြန်မာပြည်မှာလည်း မထားရဲဘူး။ ကျောင်းတက်ဖို့ဆိုပြီး လွှတ်ထားတာ၊ အမျိုးမျိုးနဲ့ စိုးရိမ်ပူပန်ရတာပေါ့။ ကိုယ်တွေက သာမန် အောက်ခြေလူတန်းစားတွေပဲလေ၊ စားဖို့တောင် အနိုင်နိုင် မဖြစ်မနေ ပို့လိုက်ရတယ်။ အဲလိုပို့ရတော့ ကိုယ်က အဆင်မပြေမှုတွေ အများကြီးပဲ၊ သောကတွေ အများကြီးပဲ။ သူ့ကို တလတလ ပိုက်ဆံ မပို့နိုင်တဲ့ အခါလည်း သောကတွေများရ၊ နိုင်ငံရပ်ခြားမှာလည်း သူအဆင်ပြေမှ ဖြစ်မယ်လေဆိုပြီး အဲဒီလိုမျိုးပေါ့၊ တော်တော်တော့ သောကများရပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းကာလက ၃ လ (၁၂ ပတ်) သတ်မှတ်ထားခဲ့ရာကနေ အပတ်စဉ် ၁၄ က စလို့ သင်တန်းကာလ တပတ်တိုးပြီး ၁၃ ပတ်ထိ တိုးမြှင့်ခဲ့ရာ အပတ်စဉ် ၁၇ ကို သင်တန်းကာလ ၁၅ ပတ်ကြာ ထပ်မံတိုးမြှင့်ကာ လေ့ကျင့်သင်တန်းပေးခဲ့ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ စစ်မှုထမ်းဥပဒေ ထွက်ရှိတဲ့ အစပိုင်းကာလတွေမှာ စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းထွက် စစ်တိုက်အင်အားရဲ့ ၄၀ ရာခိုင်နှုန်းလောက်စာ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ပစတပ်သားသစ်တွေ ဖြစ်တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဆိုပါတယ်။
MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “လူငယ်ထုတွေဆိုတာ တိုင်းပြည်ရဲ့ အားတွေ၊ အများဆုံးအင်အားစုတွေလို့ ပြောရင် ရတယ်ပေါ့။ ဒီလူငယ်တွေရဲ့ ဘဝကို ရိုက်ချိုးပစ်တယ်၊ စစ်မှုထမ်းဥပဒေ ဖော်ဆောင်တဲ့ ရိုက်ခတ်မှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုကြောင့် လူငယ် ထောင်သောင်းချီဟာ ပြည်ပကို တရားဝင်ရော တရားမဝင်ရော စွန့်ခွာထွက်ပြေးရတယ်။ အလားတူ လက်နက်ကိုင်လမ်းစဉ်တွေရော နေရပ်စွန့်ခွာတွေရော အများကြီး သက်ရောက်စေတာ ကျနော်တို့ တွေ့ရတယ်။ ၁၈၀ လောက် ထွက်လာတဲ့ စစ်ကြောင်းမှာ လူဟောင်းက ၃၀ လောက်ပဲပါတယ်။ လူဟောင်း ၃၀ လောက်ပဲဆိုတာ ၈၀ ရာခိုင်နှုန်းလောက်က ပစတွေလို့ ပြောလို့ရတယ်။ ဒီကနေ့ စစ်တိုက်နေတာ ပြည်သူနဲ့ ပြည်သူ ပြန်တိုက်နေတယ်ဆိုတာ အမှန်ပဲ။ မင်းအောင်လှိုင်က အမြတ်ထွက်နေတာပေါ့။ ဒီအင်အားနဲ့ပဲ သူတို့ ဒီနေ့ ထိုးစစ်တွေ ဆင်နေတာပေါ့” လို့ ပြောပါတယ်။
မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဆန်းစစ်ချက်စာတမ်းအရ စစ်တပ်သင်တန်းကျောင်း ၂၇ နေရာအထိ တိုးမြှင့်ပြင်ဆင်ပြီး လေ့ကျင့်ပေးနေကြောင်း သိရပါတယ်။
စစ်မှုထမ်းသင်တန်းတွေကို တိုးချဲ့ပြီး အများဆုံးဖွင့်နေတဲ့ နေရာတွေကတော့ တတက-၂ (မိုးစွေ၊ နေပြည်တော်)၊ တတက-၅ (ကွင်းကောက်၊ ဧရာဝတီ)၊ တတက-၁ (ဂျိုးဖြူ၊ တိုက်ကြီး)၊ တတက-၈ (မန်ကတ်၊ တန့်ယန်း)၊ တတက-၃ (မိုးနဲ၊ ကျိုင်းတောင်း)၊ တတက-၁၁ (ကျိုင်းတုံ၊ ရှမ်းပြည်နယ်)၊ တတက-၆ (အုတ်တွင်း၊ ပဲခူး) နဲ့ တတက-၄ (သံဖြူဇရပ်၊ မွန်ပြည်နယ်) စတဲ့နေရာတွေပဲ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ တိုင်းနဲ့ ပြည်နယ်အနှံ့က စစ်သင်တန်းကျောင်း တကျောင်းချင်းစီအလိုက် တပ်သားလက်ခံတဲ့ အရေအတွက်ဟာ ၂၀၀ ကနေ ၇၀၀ ကြားထိ ရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း စစ်မှုထမ်းအပတ်စဉ် ၁ ကစပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအစအထိ အတင်းအဓမ္မ စုဆောင်းခံရတဲ့သူ ၃၁,၀၈၆ ယောက် ရှိပြီလို့ ဒီဇင်ဘာ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းက စစ်မှုထမ်းအတွက် လူအများဆုံး စုဆောင်းခံနေရပြီး ရခိုင်ကတော့ ဒုတိယအများဆုံး စုဆောင်းခံနေရတယ်လို့ NUG က ကြေညာထားပါတယ်။
ဝေဝေ


