
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ပရကန်ခရိုင်ထဲမှာ ဘဝတူ မြန်မာလုပ်သားချင်း ဓားနဲ့ခုတ်ခဲ့တဲ့ မြန်မာလူငယ် ၃ ယောက်ကို ဖမ်းဆီးရမိပြီလို့ ဘန်ကယောက်ရဲစခန်းက ဇန်နဝါရီ ၂၂ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
နိုင်းဆောင် (၁၉ နှစ်)၊ နိုင်းလောဝ် (၁၈ နှစ်) နဲ့ နိုင်းဝေ (၁၈ နှစ်) တို့ကို စမွတ်ပရကန်ခရိုင် ဘန်ကယောက်မြို့ ကျရွန်းစနစ်ဝုန်းလမ်းထဲက ကွန်ဒိုမီယံတိုက်ခန်းတခုမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၁၃ ရက်ညက အခုတ်ခံရတဲ့ မြန်မာလူငယ်ဟာ ဘန်ဖရီမြို့ ရာချာထေဝရပ်ကွက် ကင်ကယောက် ၄၁ လမ်းရှိ ကွေ့သယို (ခေါက်ဆွဲ) ဆိုင်မှာ အလုပ်လုပ်နေတဲ့ သူ့ကောင်မလေးဆီ ရောက်လာစဉ် လူငယ် ၃ ယောက်နဲ့ အချင်းများပြီး ခိုက်ရန်ဖြစ်ပွားခဲ့တယ်။ သူတို့ ၃ ယောက်က လူငယ်ကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဓားနဲ့ခုတ်ကာ ထွက်ပြေးလွတ်မြောက်သွားတယ်၊ အခုတ်ခံရသူ လူငယ်ကတော့ ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အနီးနားရှိလူတွေက ရဲကိုတိုင်ကြားပြီး လူငယ်ကို ဆေးရုံပို့ပေးခဲ့တယ်၊ ရဲက စီစီကင်မရာပြန်စစ်ဆေးရာမှာ သူတို့ကျူးလွန်ပုံတွေကို ထင်ရှားစွာ တွေ့မြင်ရတာကြောင့် စမွတ်ပရကန်ခရိုင်တရားရုံး ဖမ်းဝရမ်းစာနဲ့ လူငယ် ၃ ယောက်ကို လိုက်လံစုံစမ်းရှာဖွေတယ်၊ သူတို့တွေဟာ လူမှုကွန်ရက်မှာ တုတ်၊ ဓားပုံတွေ တင်ပြီး ရန်ဘက်တွေကို ခြိမ်းခြောက်လေ့ရှိတယ်၊ အဆိုပါလူမှု ကွန်ရက်ကတဆင့် စုံစမ်းပြီး ခုလို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဘန်ကယောက်ရဲစခန်းက သူတို့ ၃ ယောက်ကို တပါးသူအား သေစေလိုသော ရည်ရွယ်ချက်နဲ့ ပူးပေါင်းကြံစည်မှု၊ အများသူငှါနေရာမှာ မလျော်ကန်သော လက်နက်ကိုင်ဆောင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ပြောပါတယ်။
Source: Thaipost


