
မြန်မာနိုင်ငံက ထွက်ရှိတဲ့ပြောင်းတွေကို လာမဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ပြီး ထိုင်းနိုင်ငံကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ ပြန်လည်တင်ပို့ခွင့်ရရှိတော့မှာဖြစ်ပေမဲ့ လက်ရှိ ပြည်တွင်း ပြောင်းဈေးကွက်မှာတော့ ပြောင်းဈေးနှုန်းက တက်ရိပ်မပြဘဲ ငြိမ်နေဆဲ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။
ထိုင်းဈေးကွက် ဖွင့်လှစ်ချိန် နီးလာပေမဲ့ သင်္ဘောတင်ပို့မှု ကုန်ကျစရိတ် မြင့်တက်နိုင်ခြေ ရှိနေသလို တရုတ်နယ်စပ် ပြောင်းဈေးကွက်မှာလည်း ယာယီရပ်နားထားတဲ့ အခြေအနေတွေကြောင့် ပြည်တွင်း ပြောင်းဈေးနှုန်းက လက်ရှိနှုန်းထားအတိုင်း ဈေးဆက်တည်ငြိမ်နေတယ်လို့ ပြောင်းပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒါပေမဲ့ ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံဘက်က ပြောင်းအဝယ် စတင်လာပြီး၊ တရုတ်ဈေးကွက် အရောင်းအဝယ်လည်း ပြန်လည်ကောင်းမွန်လာပါက ပြည်တွင်းပြောင်း ဈေးနှုန်းတက်လာနိုင်တဲ့ အလားအလာရှိကြောင်း ဈေးကွက်လေ့လာသူတွေက ခန့်မှန်းပါတယ်။
ဒါ့အပြင် ပို့ကုန်တင်ပို့မှုက ရတဲ့ ဒေါ်လာ လဲလှယ်ရမဲ့ အချိုးအစားကို အရင် ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကို လျှော့ချလိုက်တာကလည်း ပြောင်းဈေးနှုန်းကို အနည်းငယ် မြင့်တက်စေနိုင်တဲ့ အချက်တရပ် ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
လက်ရှိ ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်း ၁ ပိဿာကို ၁၄၃၀ ကျပ်ကနေ ၁၄၅၀ ကျပ်ရှိပြီး၊ FOB ပေါက်ဈေးကတော့ ပြောင်း ၁ တန်ကို ၂၃၅ ဒေါ်လာကနေ ၂၄၅ ဒေါ်လာ ရှိနေပါတယ်။
မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပြောင်းကို အာဆီယံသဘောတူညီချက်အရ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၃၁ ရက်အထိ ထိုင်းနိုင်ငံကို အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ နှစ်စဉ် တင်ပို့နေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ရာမှာ ရန်ကုန်ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံ ဘန်ကောက်က ဆိပ်ကမ်းတွေကို အဓိက အသုံးပြုမှာဖြစ်ပြီး တာချီလိတ်၊ ကော့သောင်း–ရနောင်း လမ်းကြောင်းတွေကလည်း တင်ပို့သွားမယ်လို့ အသင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။


