
ပွဲစဉ်အားလုံးအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ရင်တောင် နည်းပြ မိုက်ကယ်ကာရစ်ကို အမြဲတမ်းနည်းပြအဖြစ် မခန့်အပ်သင့်ကြောင်း ယူနိုက်တက်ဂန္ထဝင်တွေဖြစ်တဲ့ ရွိုင်ကိန်းနဲ့ နဗီးလ်တို့က ပြောပါတယ်။
ကာရစ်ဟာ ယာယီနည်းပြအဖြစ် မန်စီးတီးနဲ့ အာဆင်နယ် နှစ်သင်းစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်ထားပေမဲ့ သူဟာ ယူနိုက်တက်နည်းပြရာထူးအတွက် သင့်တော်တဲ့ အတွေ့အကြုံ မရှိကြောင်း ဂန္ထဝင် ၂ ယောက်က မှတ်ချက်ပေးခဲ့တာပါ။
ယူနိုက်တက်အနေနဲ့ လက်ကျန်ပွဲစဉ်အားလုံး အနိုင်ရရှိခဲ့ရင်တောင် ကာရစ်ကို အမြဲတမ်းနည်းပြရာထူး ပေးအပ်ဖို့ မထောက်ခံကြောင်း၊ အသင်းရဲ့ အရှိန်အဝါကြီးမားမှုနဲ့ လာမဲ့နှစ်တွေမှာ ကျရောက်လာမဲ့ စိန်ခေါ်မှုတွေအရ အတွေ့အကြုံရှိတဲ့ ထိပ်တန်းနည်းပြတယောက် လိုအပ်ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
ဒါ့အပြင် မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ကို ဆုဖလားရယူပေးနိုင်မဲ့ နည်းပြလို့ မယုံကြည်ကြောင်းလည်း ကိန်းက ပြောပါတယ်။
နဗီးလ်ကလည်း ကိန်းရဲ့ပြောစကားအပေါ် သဘောတူခဲ့ပြီး မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ စိတ်ခံစားချက်တွေအတိုင်း ပြုမူလုပ်ဆောင်ခဲ့ပြီး ကာရစ်အနေနဲ့ ရာသီကုန်အထိ တာဝန်ယူပြီး နည်းပြ တူဟယ်ကို လွှဲပြောင်းပေးလိုက်တာက မှန်ကန်မယ်လို့ ယူဆကြောင်း မှတ်ချက်ပေးသွားပါတယ်။


