
ဗြိတိန်နိုင်ငံဟာ ခိုလှုံခွင့်တောင်းခံသူတွေကို အင်္ဂလန်တောင်ပိုင်းရှိ စစ်သင်တန်းကျောင်းဟောင်း တခုဆီ စတင်ပြောင်းရွှေ့နေရာချထားခဲ့ပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဇန်နဝါရီ ၂၃ ရက် သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်း၊ အရှေ့ ဆပ်ဆက်စ်စီရင်စုရှိ ခရိုးဘရာ့ စစ်တပ်စခန်းကို ခိုလှုံခွင့် တောင်းခံသူတွေအတွက် ယာယီနေရာထိုင်ခင်းစင်တာအဖြစ် ပြန်လည် ပြုပြင်ထားတာပါ။
ဇန်နဝါရီ ၂၂ ရက်က အမျိုးသား ၂၇ ယောက်ကို ပထမဆုံးအသုတ်အနေနဲ့ ပို့ဆောင်ခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြထားပြီး နောက်ထပ် ရွှေ့ပြောင်းနေထိုင်သူ ၅၀၀ လောက် စခန်းကို ထပ်မံရောက်ရှိလာမယ်လို့ မျှော်လင့်ထားပါတယ်။
ပြည်ထဲရေးဝန်ကြီး ရှာဘနာမာမွတ်က "ခရိုးဘရာ့ စခန်းဟာ အစပဲရှိပါသေးတယ်"လို့ ပြောကြားခဲ့ပြီး"နယ်စပ်ဒေသတွေမှာ စနစ်တကျ ရှိလာပြီး ထိန်းချုပ်မှုတွေ ပြန်လည်ရရှိလာချိန်အထိ မနားမနေ ဆက်လက်လုပ်ဆောင်သွားမယ်"လို့လည်း ထပ်ပြောပါတယ်။
အခုလုပ်ဆောင်ချက်ဟာ နယ်စပ်လုံခြုံရေးနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဗြိတိန်အစိုးရရဲ့ ကြိုးပမ်းမှုတရပ် ဖြစ်ပေမဲ့ အနီးအနားရှိ ဒေသခံတွေကတော့ လူနေထိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ ရှိနေကြပါတယ်။


