
ဂရင်းလန်းကျွန်းအပေါ် NATO အဖွဲ့ရဲ့ ချဉ်းကပ်ပုံမှာ တည်ငြိမ်မှုရှိနေသင့်ပေမဲ့ တဖက်မှာလည်း မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေးအရ တိုးမြှင့်ချထားမှုတွေကို မြင်တွေ့ရမှာဖြစ်ကြောင်း ဗြိတိန်နဲ့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးတွေက ဇန်နဝါရီ ၂၁ ရက်က ဒိန်းမတ်နိုင်ငံမြို့တော် ကိုပင်ဟေဂင်မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက NATO ဟာ ရုရှားနဲ့ တရုတ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကနေ ဂရင်းလန်းကို ကာကွယ်တဲ့ အဓိကအခန်းကဏ္ဍမှာ ပါဝင်သင့်ကြောင်း ပြောပါတယ်။
ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးကလည်း သဘောတူခဲ့ပြီး “ကျနော်တို့ ပိုပြီးတက်ကြွသင့်တယ်။ ပိုပြီး ရင်းနှီးမြှုပ်နှံသင့်တယ်။ ပိုပြီး အတူတကွ လုပ်ဆောင်သင့်တယ်”လို့ ထပ်လောင်းပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗော့စ်မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်အနေနဲ့ ဂရင်းလန်းကို ရယူချင်ပေမဲ့ အင်အားသုံးမှာ မဟုတ်ကြောင်း အပါအဝင် မိန့်ခွန်းပြောကြားပြီးနောက်မှာ ဗြိတိန်နဲ့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီးတွေက ပြောခဲ့ကြတာပါ။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီးလီက “ဂရင်းလန်းအတွက် မှန်ကန်တဲ့ ချဉ်းကပ်မှုဟာ တည်ငြိမ်တဲ့ ချဉ်းကပ်မှုနဲ့ မဟာမိတ်တွေကြား ဆွေးနွေးမှုချဉ်းကပ်မှုတခုဖြစ်ပြီး သမ္မတထရမ့်ပ်ရဲ့ မိန့်ခွန်းနဲ့ ဒီနေ့ သူ့ရဲ့စကားတွေကို ကျနော်တို့ လုပ်ဆောင်တဲ့ လိုအပ်တဲ့ ခြေလှမ်းတွေရဲ့ အစိတ်အပိုင်း တခုအဖြစ် ကျနော် ယူဆပါတယ်”လို့ ပြောပါတယ်။
ဝန်ကြီးတွေဟာ လာမဲ့နှစ် ဂရင်းလန်းမှာ ယူကေ ဦးဆောင်တဲ့ ဥရောပနိုင်ငံများအဖွဲ့က စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေအကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်နဲ့ ဂရင်းလန်းခေါင်းဆောင်တွေဟာ လူဦးရေ ၅၇,၀၀၀ ရှိတဲ့ မဟာဗျူဟာကျတဲ့ ကျွန်းပေါ်မှာ အမေရိကန်ရဲ့ ပိုမိုတည်ရှိမှုအတွက် နည်းလမ်းအမျိုးမျိုးကို ကမ်းလှမ်းခဲ့ချိန်မှာပဲ NATO ခေါင်းဆောင်တွေကလည်း ထရမ့်ပ်ရဲ့ ဂရင်းလန်း မဟာဗျူဟာက မဟာမိတ်အဖွဲ့ကို ပြိုလဲစေနိုင်ကြောင်း သတိပေးခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ နေတိုးအတွင်းရေးမှူးချုပ်နဲ့ ဆွေးနွေးအပြီးမှာ ဂရင်းလန်းကျွန်းဆိုင်ရာ အနာဂတ် သဘောတူညီချက်အတွက် မူဘောင်တခု ရရှိခဲ့ပြီလို့ ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။
ဥရောပမဟာမိတ်တွေအပေါ် စည်းကြပ်ခွန်ကောက်မဲ့ အစီအစဉ်နဲ့ ကျွန်းကို စစ်ရေးအရ သိမ်းမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေကိုတော့ ရုပ်သိမ်းလိုက်ပြီလို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ဒီသဘောတူညီချက်မှာ တွင်းထွက်သတ္တုတူးဖော်ခွင့်တွေ ပါဝင်နိုင်တယ်လို့ သတင်းထွက်နေပေမဲ့ ဂရင်းလန်းကို ပိုင်ဆိုင်ခွင့် ပါ၊ မပါ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။
ထရမ့်ပ်က “ဂရင်းလန်းနဲ့၊ အတိအကျဆိုရင် အာတိတ်ဒေသတခုလုံးနဲ့ စပ်လျဉ်းလို့ အနာဂတ် သဘောတူညီချက်တခုအတွက် မူဘောင် ထူထောင်နိုင်ခဲ့ပါပြီ။ ဒီဖြေရှင်းနည်းကို အသုံးချမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုအတွက်ရော NATO နိုင်ငံအားလုံးအတွက်ပါ အင်မတန် ကောင်းမွန်ပါလိမ့်မယ်” လို့ Truth Social မှာ ရေးသားခဲ့ပါတယ်။
ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး လားစ်လုခ်ကာရာ့စ်မူဆန်ကတော့ “ဒီနေ့ဟာ စတင်ခဲ့ချိန်ကထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ အခုအချိန်မှာတော့ ဒိန်းမတ်ဘုရင့်နိုင်ငံဘက် စည်းကျော်မခံတဲ့ အချက်တွေကို လေးစားလိုက်နာရင်းနဲ့ အာတိတ်ဒေသမှာ အမေရိကန် စိုးရိမ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲဆိုတာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာသွားကြမှာပါ” လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဂရင်းလန်း လွှတ်တော်အမတ်တွေကတော့ သူတို့မပါဘဲ NATO အဖွဲ့နဲ့ ဆွေးနွေး ဆုံးဖြတ်တာမျိုးကို လက်မခံနိုင်ကြောင်း ဝေဖန်ထားပါတယ်။


