
ဗြိတိန်နိုင်ငံရဲ့ လန်ဒန်မြို့လယ်ကောင်မှာ တရုတ်သံရုံးအသစ်ကြီးတခု ဖွင့်လှစ်မဲ့ အစီအစဉ်ကို အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ ထောက်လှမ်းရေးလုပ်ငန်းအတွက် အခြေစိုက်စခန်းအဖြစ် အသုံးပြုတာမျိုး အပါအဝင် အမျိုးသားလုံခြုံရေးအရ အန္တရာယ်ရှိနိုင်တယ်ဆိုပြီး ကန့်ကွက်နေပေမဲ့လည်း အခုလိုမျိုး ခွင့်ပြုပေးခဲ့တာပါ။
ဗြိတိန်လုံခြုံရေးဝန်ကြီး ဒန်ဂျားဗစ်ကတော့ ဆုံးဖြတ်ချက်ချမှတ်ရေးလုပ်ငန်းစဉ်မှာ ထောက်လှမ်းရေးအေဂျင်စီတွေ ပါဝင်ခဲ့သလို ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း သင့်တော်သလို စီမံသွားမှာ ဖြစ်တဲ့အတွက် ကျေနပ်မှုရှိကြောင်း ပြောပါတယ်။
ဒါ့အပြင် တရုတ်သံရုံးနေရာက အလွန်အရေးကြီးတဲ့ အချက်အလက်တွေ အများအပြားစီးဆင်းရာ Fibre Optic ကေဘယ်ကြိုးတွေနဲ့ပါ နီးကပ်နေတဲ့အလျောက် ဗြိတိန်ဘဏ္ဍာရေးစနစ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပြန်ပါတယ်။
အရင်တုန်းက ၇ နေရာ ပြန့်ကျဲနေတဲ့ တရုတ်သံတမန်ရေးရုံးတွေကို တနေရာတည်းမှာတင် စုစည်းလိုက်တာမျိုး ဖြစ်တာကြောင့် လုံခြုံရေးအရ ပိုပြီးတောင် အကျိုးရှိစေနိုင်တယ်လို့ ဝန်ကြီးအနေနဲ့ တုံ့ပြန်ထားပါတယ်။
အခုလိုမျိုး တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်သွားဖို့ အပါအဝင် ခြိမ်းခြောက်မှုဆိုင်ရာ သတိပေးချက်တွေကြား ချိန်ညှိနေရတာကြောင့် ဗြိတိန်အစိုးရက ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ဖူးပါတယ်။
တချိန်တည်းမှာ ကီယာစတာမာ ကိုယ်တိုင်က ပေကျင်းကို သွားရောက်ဖို့ ရှိနေတဲ့အတွက် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးသော တရုတ်ပြည်ရောက် ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာနိုင်ပါတယ်။
အဲဒီ စီမံကိန်းခွင့်ပြုချက်အရ ၃ နှစ်အတွင်း စတင်အကောင်အထည်ဖော်ဖို့နဲ့ သံရုံးအပြင်ဘက်က ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖို့အတွက် မြို့ခံအဖွဲ့တွေနဲ့အတူ ဦးဆောင်ကော်မတီတရပ် ဖွဲ့စည်းဖို့ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ပါတယ်။
လက်ရှိ အာဏာရလေဘာပါတီရဲ့ အမတ်တချို့နဲ့ အတိုက်အခံပါတီတွေကတော့ စီမံကိန်းကို တားမြစ်ပိတ်ဆို့ဖို့အတွက် တောင်းဆိုထားပါတယ်။ အလားတူ ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေလည်း ရှိလို့နေပြီး ဥပဒေကြောင်းအရ တရားစွဲဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက တရုတ်အဆိုပြုထားတဲ့ လန်ဒန်သံရုံးနေရာကို ပေါင် ၂၅၅ သန်းနဲ့ ဝယ်ယူထားတာ ဖြစ်ပြီး စတုရန်းမီတာ ၂၀,၀၀၀ အထိ ကျယ်ဝန်းတဲ့အလျောက် ဥရောပမှာ အကြီးဆုံးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ဗြိတိန်ကတော့ ပေကျင်းမှာရှိနေတဲ့ သူတို့သံရုံးကို ပြန်လည်မွမ်းမံဖို့နဲ့ ပတ်သက်ပြီး ပေါင် သန်း ၁၀၀ တန် စီမံကိန်းအတွက် တရုတ်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရပါတယ်။
ဒါကြောင့်ပဲ တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်နိုင်တဲ့ အလားအလာ အပါအဝင် ဗြိတိန်ရောက် အတိုက်အခံတွေအပေါ် ခြိမ်းခြောက်နိုင်ခြေအရ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုပြီးသတိထားသင့်တယ်လို့ လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။
Source: Reuters


