
ဥတ္တရအလင်းတန်းလို့လူသိများတဲ့ အော်ရိုရာဘိုရီးယယ်လစ် (Aurora Borealis) တွေကို ဇန်နဝါရီ ၁၉ ရက် ညက အင်္ဂလန်၊ ဟန်ဂေရီ၊ ဂျာမနီနဲ့ ပိုလန်အပါအဝင် ဥရောပဒေသတချို့မှာ မြင်တွေ့ခဲ့ရပါတယ်။
အစိမ်းရောင်နဲ့ ပန်းရောင်တောက်တောက် အလင်းတန်းတွေဟာ မြောက်ဝင်ရိုးစွန်းမှာသာ မြင်တွေ့ရလေ့ရှိတဲ့ ရှားပါးတဲ့ ညကောင်းကင်ကို လင်းလက်စေတဲ့ အလင်းတန်းမြင်ကွင်း တခုပါ။
အလင်းတန်းတွေရဲ့ ကျယ်ပြန့်တဲ့ မြင်နိုင်စွမ်းဟာ မြန်နှုန်းမြင့်ပြီး အားသွင်းထားတဲ့ အမှုန်အမွှားတွေကို ထုတ်လွှတ်နေတဲ့ ပြင်းထန်တဲ့ နေမုန်တိုင်းတွေဆီကနေ ဆင်းသက်လာတာပါ။
ဒီဖြစ်စဉ်ကြောင့် ဝင်ရိုးစွန်းတွေနားက အလင်းတန်းတွေကို ပုံမှန်အကွာအဝေးထက် ကျော်လွန်ပြီး မြင်တွေ့နိုင်စေတယ်လို့ လေထုရူပဗေဒ ပါမောက္ခ ယို့ရှ်လေလီဗဲ့လ်ဒ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အစွမ်းထက်တဲ့ နေမျက်နှာပြင်ပေါ်က ဓာတ်ငွေ့ ပေါက်ကွဲလှုပ်ရှားမှုဟာ ဂြိုဟ်တုအခြေခံ အဆောက်အအုံတွေကို ထိခိုက်စေလို့ ဆက်သွယ်ရေးနဲ့ ဓာတ်အားစနစ်တွေကို တခါတရံ အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
“ဒီနေ့ခေတ်မှာ GPS ဒါမှမဟုတ် တခြားဆက်သွယ်ရေး အမျိုးအစားတွေအတွက် ကျနော်တို့က ဂြိုဟ်တုစနစ်တွေကို အလွန် မှီခိုနေရပြီး နေမုန်တိုင်းတွေကြောင့် တခါတရံမှာ ဓာတ်အားပြတ်တောက်တာလို သဘာဝဖြစ်စဉ်တခု ရှိတတ်တယ်။”
အလင်းတန်းတွေဟာ ရာသီဥတုပြောင်းလဲမှုနဲ့ မသက်ဆိုင်တဲ့ သဘာဝဖြစ်စဉ် တခု ဖြစ်တယ်လို့လည်း ပါမောက္ခ ယို့ရှ်လေလီဗဲ့လ်ဒ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဝင်ရိုးစွန်း အလင်းတန်းဖြစ်စဉ် မြင့်တက်လာခြင်းဟာ နေလှုပ်ရှားမှုက ၁၁ နှစ်တာ ကာလအတွင်း အထွတ်အထိပ်ကို ရောက်နေတာနဲ့ ဆက်စပ်နေပါတယ်။
ဒီအချိန်မှာ နေရောင်ခြည် လှုပ်ရှားမှု ပိုမိုပြင်းထန်လာပြီး ဝင်ရိုးစွန်းအလင်းတန်း မြင်ကွင်းတွေလည်း ပိုမိုများပြားလာလေ့ရှိပါတယ်။
Source:Reuters


