
ဂရင်းလန်းကျွန်းအရေးနဲ့ ပတ်သက်ပြီးတော့ ဥရောပမဟာမိတ်တွေအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စည်းကြပ်ခွန် မချမှတ်ရေး တိုက်တွန်းနားချသွားမှာဖြစ်ပြီး အလုပ်မဖြစ်ပါက အလားတူ လက်တုံ့ပြန်ဖို့ ဥရောပသမဂ္ဂဝင် နိုင်ငံကြီးတွေရဲ့ သံအမတ်ကြီးတွေအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီချက်ရရှိခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကို ဒိန်းမတ်ဆီကနေ အမေရိကန် ဝယ်ယူခွင့်မရမချင်း ဖေဖော်ဝါရီ ၁ ရက်ကစပြီး ဥရောပနိုင်ငံ ၈ နိုင်ငံအပေါ် စည်းကြပ်ခွန်တွေ တိုးမြှင့်ကောက်ခံမယ်လို့ ထရမ့်ပ် က ကြေညာထားတာပါ။
ဒီလုပ်ရပ်ဟာ ခြိမ်းခြောက်အကျပ်ကိုင်တာဖြစ်လို့ ဥရောပခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ထားကြပါတယ်။
ထရမ့်ပ်ဘက်ကတော့ ရုရှားအန္တရာယ်ကြောင့် ဂရင်းလန်းကို လိုချင်တာဖြစ်ပြီး ဒီကိစ္စကို နေတိုး (NATO) အဖွဲ့ကြီးက နှစ် ၂၀ လောက် လျစ်လျူရှုထားခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေဟာ ဇန်နဝါရီ ၂၂ ရက်နေ့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ အရေးပေါ် ထိပ်သီးအစည်းအဝေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လက်တုံ့ပြန်မဲ့ ရွေးချယ်စရာတခုကတော့ အမေရိကန်သွင်းကုန် ယူရို ၉၃ ဘီလီယံအပေါ် မူလက ဆိုင်းငံ့ထားတဲ့ စည်းကြပ်ခွန်ကို ဖေဖော်ဝါရီ ၆ ရက်ကစပြီး ပြန်လည်ကောက်ခံဖို့ ဖြစ်ပါတယ်။
နောက်ရွေးချယ်စရာတခုကတော့ ဥရောပသမဂ္ဂက တခါမှ မသုံးဖူးသေးတဲ့ နိုင့်ထက်စီးနင်းပြုမှု ဆန့်ကျင်ရေး လက်နက်ကိရိယာ (ACI) ဆိုတဲ့ အစီအစဉ်ကို အသုံးချဖို့ပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်အရ အမေရိကန်က ဥရောပသမဂ္ဂနဲ့ ဆက်ဆံရမှာ ပိုငွေပြနေတဲ့ ဒစ်ဂျစ်တယ်လုပ်ငန်းတွေ အပါအဝင် ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းတွေနဲ့ အစိုးရတင်ဒါ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ဘဏ်လုပ်ငန်းတွေကို ကန့်သတ်သွားမှာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း သံတမန်နည်းလမ်းအရ နှစ်ဖက် ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ ရှိနေပါတယ်။
Source: Reuters


