
ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့က မြန်မာနိုင်ငံသားတွေ အများစုနေထိုင်တဲ့ ဆင်သီဝါရပ်ကွက်ထဲကို ထိုင်းမျိုးချစ်အဖွဲ့တွေ ဝင်ရောက်ရိုက်နှက်တာတွေလုပ်ပြီးတဲ့နောက် ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး ထိုင်းဌာနပေါင်းစုံအဖွဲ့တွေက အိမ်တွေထဲထိဝင်ရောက် စစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ထိုင်းဌာနပေါင်းစုံအဖွဲ့က ပုံမှန်စစ်ဆေးနေကျအချက်အလက်တွေစစ်ဆေးတာမဟုတ်ဘဲ နေအိမ်တွေနဲ့ အဆောင်ပေါ်ထိ တက်စစ်တာဖြစ်တဲ့အတွက် ၅ ရက်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၅၀ ကျော်ဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။
ရပ်ကွက်နေ မြန်မာရွှေံပြောင်းအလုပ်သမားအများစုဟာ တရားဝင်နေထိုင်ခွင့် အထောက်အထား အပြည့်အစုံရှိနေပေမဲ့ နှုတ်ခမ်းမွှေးအဖွဲ့ရဲ့ရန်ရှာမှာကိုကြောက်လို့ ရပ်ကွက်ကနေ ခဏတိမ်းရှောင်နေရတယ်လို့ မြန်မာတယောက်က ပြောပါတယ်။
“ဘယ်သူ့ကို အဖေခေါ်ပြီး ဘယ်သူ့ကို အမေခေါ်ရမလဲ မသိတဲ့အခြေအနေအခါမှာ ဘယ်သူကမှလည်း လိုက်လုပ်ပေးခြင်းမရှိဘူး။ လာပြီးတော့ရှင်းပြပြီးတော့ ဘယ်လိုလုပ်၊ ဘယ်လို ကိုင်ပါဆိုတာ မရှိတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်အောင်နေပြီး အန္တရာယ်ကင်းတဲ့ ဘက်ကို ရှောင်ပြီးနေနေရတယ်။ မနေ့ကဆို ကျနော် အယုဒ္ဓယမှာ မအိပ်ဘူး၊ ရှောင်တိမ်းနေရတာ။ မနက်ခင်းအစောမှ ကျနော်ပြန်လာတာ။ အခြေအနေကြည့်ပြီးတော့ အခြေအနေကောင်းရင် ဒီမှာ ဆက်နေမယ်။ မကောင်းဘူးဆိုရင် ကျနော်တို့ ရှောင်ရမဲ့ အနေအထားမှာရှိနေတယ်။”
ရပ်ကွက်နေ မြန်မာတွေက ဆိုင်ကယ်တွေကို အသံကျယ်ကျယ်နဲ့ မောင်းတာတွေ၊ ထိုင်းနိုင်ငံသားတွေကို တိုက်မိလုနီးပါးမောင်းသွားတာတွေနဲ့ ဂိုဏ်းဖွဲ့စုဝေးတာ။ ထိုင်းလူမျိုးတွေရဲ့ အလုပ်အကိုင်တွေ လုယူနေတာတွေကြောင့် ဒေသခံထိုင်းတွေဟာ စိုးရိမ်မကင်းဖြစ်ပြီး တိုင်ကြားရာကနေ မကျေနပ်မှုတွေပေါ်ထွက်လာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
မြန်မာအလုပ်သမားကူညီနေတဲ့အဖွဲ့တွေကတော့ ဒီပြဿနာကို ဥပေဒဘောင်ထဲက ဖြေရှင်းရမှာဖြစ်သလို အခုလိုအုပ်စုလိုက်ဝင်ရောက်ရိုက်နှိက်တာဟာ အချိန်ကိုက်ဖန်တီးထားတဲ့ ပဋိပက္ခတွေဖြစ်ပြီး စစ်ကောင်စီရဲ့ မြန်မာသံရုံးက ကြားဝင်မဖြေရှင်းပေးတဲ့အတွက် ကိုင်တွယ်ရခက်တဲ့ ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိအန္တရာယ်ကို မိမိ သတိထားသွားလာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။
အလုပ်သမားအရေး ကူညီနေသူတယောက်က “ကိုယ်ကဧည့်သည်၊ ဧည့်သည်ဆိုရင် ဧည့်သည်လို နေထိုင်စေချင်တယ်။ အပြင်တွေဘာတွေထွက်ရင် အချိန်နဲ့အခါနဲ့ ထွက်စေချင်တယ်။ ကိုယ်ဘယ်သွားသွားကိုယ်ရဲ့ ပတ်စပို့နဲ့ ကိုယ်ရဲ့လက်ထဲကဖုန်းကို အနားမှာရှိစေချင်တယ်။ မြန်မာပြည်သားကို ကောက်စစ်လိုက်တယ်၊ မြန်မာပြည်သားလို့ပြောတယ်၊ စာရွက်စာတမ်းကျတော့ အခန်းမှာတို့၊ ဟိုမှာတို့ ကျန်နေရင် ကိုယ့်အတွက်လုံခြုံမှုက အာမခံမှုမရှိဘူး။ အဓိက ကတော့ လူစုလူဝေးနေရာတွေကိုမသွားစေချင်ဘူး”လို့ ပြောပါတယ်။
လက်ရှိ ဆင်သီဝါရပ်ကွက်နေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးမဲ့ အဖွဲ့အစည်းတခုခု လိုအပ်နေပြီး ထိုင်းမျိုးချစ်အဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ထားတဲ့သူတွေကလည်း တရားမျှတမှုအတွက် တောင်းဆိုနေကြပါတယ်။
ဒါပေမဲ့ အခုထိ ထိုင်းစစ်သား၊ ရဲနဲ့ အဖွဲ့ပေါင်းစုံရဲ့ စစ်ဆေးတင်းကျပ်မှုတွေ့နဲ့ ဖိအားတွေကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ အကူညီတောင်းဖို့ကိုတောင် စိုးရိမ်နေရတဲ့ အနေအထားတွေနဲ့ ကြုံတွေ့နေရပါတယ်။
မောရစ်


