
မြန်မာဘုရင်ခေတ်က အယုဒ္ဓယကနေ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်သွားတာခံခဲ့ရတဲ့ ထိုင်းလူမျိုးတွေရဲ့ သတ္တမမြောက် မျိုးဆက်တွေဟာ အောက်တိုဘာ ၁၈ ရက်က အမိ ထိုင်းမြေကို ပြန်လည်ရောက်ရှိလာခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ ကျော်က မြန်မာဘုရင်စစ်သည်တွေဟာ အယုဒ္ဓယ ထိုင်းနိုင်ငံကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အယုဒ္ဓယသားတွေကိုလည်း သုံ့ပန်းအဖြစ် မြန်မာနိုင်ငံကို ခေါ်ဆောင်လာခဲ့ပါတယ်။
အဆိုပါ စစ်သုံ့ပန်းမျိုးဆက်တွေဟာ ဒီကနေ့ထိ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းအတွင်း ကျေးရွာလေးတရွာမှာ ကျန်ရှိနေဆဲဖြစ်နေတာကို ထိုင်း သမိုင်းသုတေသီတွေက သူတို့ကို လာရောက်လေ့လာတွေ့ရှိခဲ့ပြီး သူတို့ကို ဘိုးဘွားဘီဘင်တို့ မွေးရပ်မြေဆီ ပြန်ခေါ်ဖို့ အစီအစဉ်တခု ရေးဆွဲခဲ့ကြပါတယ်။
အဆိုပါအစီအစဉ်ကို သမိုင်းပညာရှင် ဆရာဘန်နာဖတ် ခမ်းနိန်းက ဦးဆောင်ပြီး “သုခရွာသားများအား ပြန်ခေါ်ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းဘာသာအမည်ပေးကာ အကောင်အထည် ဖော်ခဲ့ကြတယ်။
အောက်တိုဘာ ၁၈ ရက်နေ့မှာတော့ မန္တလေးတိုင်းရှိ သုခရွာက အယုဒ္ဓယအနွယ်ဝင်တချို့ကို ထိုင်းနိုင်ငံကို ခေါ်ဆောင်လာခဲ့ကြပါတယ်။
ဒီခရီးစဉ်မှာ သုခကျေးရွာက ကျောင်းထိုင်ဆရာတော် ဦးမာဂိန္န၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ အသက် ၈၃ နှစ်ရွယ်ရှိ ဒေါ်တင်ထွေးနဲ့ ဒေါ်တင်ညွန့်တို့ အပါအဝင် စုစုပေါင်း ၇ ယောက် လိုက်ပါလာကြတယ်၊ သူတို့ဟာ မန္တလေးကနေ လေယာဉ်စီးပြီး ထိုင်းနိုင်ငံ ဘန်ကောက်ကနေ အယုဒ္ဓယမြို့ဟောင်းကို ဆက်လက်ခရီးထွက်ခွာတယ်လို့ ဆိုပါတယ်။
ဆရာဘန်နာဖတ်က “အယုဒ္ဓယမှာ ပထမဆုံး ကားပေါ်ကနေ ခြေချတာကတော့ မြို့စောင့်နတ်ကွန်းရှေ့မှာပါ။ သူတို့ဟာ နတ်ကွန်းကို ပန်းဆီမီး ထွန်းညှိပူဇော်ပြီး ထိုင်းရိုးရာအရ နတ်ကွန်းတိုင်တွေကို အဝတ်ဖြူနဲ့ ပတ်စီးကြတယ်။ ဘိုးဘွားဘီဘင်တို့ ကိုးကွယ်ရာ နတ်ကွန်းရှေ့မှာ စိတ်လှုပ်ရှားဝမ်းသာစွာနဲ့ မျက်ရည်တွေ စီးကျလာကြပါတယ်” လို့ ပြောပါတယ်။
အဲဒီနောက် ဝပ်ဖရလာမ်းဆိုတဲ့ ရှေးဟောင်းစေတီတော် အပါအဝင် အယုဒ္ဓယမြို့ဟောင်းက ဘုရားစေတီတွေ လိုက်လံဖူးမြော်ကြည့်ရှုကြတယ်၊ အယုဒ္ဓမြေနင်းစဉ် သူတို့တွေဟာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့ မြေနင်းလျှောက်လှမ်းကြပါတယ်၊ ဒေါ်တင်ထွေးမှာ ရှေးဟောင်းဘုရားရှေ့မှာ မကြခဏ မျက်ရည်ကျပြီး ဝမ်းသာလွန်းလို့ စကားပင်မပြောနိုင်ဘူးလို့ ဆိုပါတယ်။
သူတို့တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ (ထိုင်းသက္ကရာဇ်) ၂၃၁၀ ခုနှစ်က မြန်မာဘုရင် စစ်သည်တွေ အယုဒ္ဓယ ထိုင်းနိုင်ငံကို လာရောက်သိမ်းပိုက်ပြီး စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခြင်း ခံရသူတွေရဲ့ သတ္တမမြောက် မျိုးဆက်တွေဖြစ်တယ်၊ သူတို့နေတဲ့ သုခရွာလေးဟာ မြို့နဲ့ လွန်စွာ အလှမ်းဝေးပြီး သူတို့လည်း ရွာနဲ့ဝေးရာ ဘယ်နေရာမှ မရောက်ကြဘူး၊ အလွန်ဆုံးဝေးလှ ၆ မိုင်လောက်ပဲ သွားတယ်၊ အခုလို အယုဒ္ဓယမြေ ပြန်လာရတာကတော့ အိပ်မက်ထက်တောင် ပိုပါတယ်လို့ ဆရာဘန်နာဖတ်က သတင်းထောက်တွေကို ပြောပါတယ်။
အဘွားဒေါ်တင်ထွေးက အယုဒ္ဓယပုံပြင်တွေကို ဘိုးဘွားဘီဘင် လက်ဆင့်ကမ်းပြောပြထားလို့ သိနေတယ်၊ သူတို့ရွာမှာ ထိုင်းထုံးစံ သင်္ကြန်ကာလ သဲပုံစေတီပူဇော်တဲ့ဓလေ့ အမြဲလုပ်တယ်၊ လူမျိုးမပျောက်ဖို့ ကိုယ့်လူမျိုးချင်းသာ လက်ထပ်ဖို့ ဘိုးဘွားတွေ သွန်သင်ခဲ့တယ်၊ ဒါပေမဲ့ နောက်မျိုးဆက်တွေတော့ တခြားလူမျိုးကွဲတွေနဲ့ အိမ်ထောင်ကျကုန်တယ်၊ အဘွားက ခုထိ အိမ်ထောင်မပြုဘူးလို့ ပြောပါတယ်။ အဘွားဟာ ထိုင်းစကား ခနုမ် (မုန့်)၊ ကလွေ့ (ငှက်ပျောသီး)၊ ဒီ (ကောင်းတယ်)၊ နမ့်အွဲ့ (ကြံရည်) စတာတွေကိုလည်း ပြောနိုင်ပါတယ်။
ဆရာဘန်နာဖတ်က အယုဒ္ဓယသုံ့ပန်းအနွယ်တွေဟာ နောက်ပိုင်းတော့ ထိုင်းစကား မပြောတတ်ကြတော့ဘူး၊ အဘွား ဒေါ်တင်ထွေးတို့ဟာ ဘိုးဘွားဘီဘင်တို့နဲ့ တိုက်ရိုက်ဆက်သွယ်ရတဲ့ နောက်ဆုံးမျိုးဆက် ဖြစ်လိမ့်မယ်၊ သူတို့ကို ဒီကိုပြန်ခေါ်လာဖို့ စီစဉ်ထားတာ ကြာပါပြီ။ စာရွက်စာတမ်းကိစ္စတွေကြောင့် အနည်းငယ် ကြန့်ကြာသွားတာလို့ ပြောပါတယ်။
သမိုင်းကို လေ့လာလိုက်စားသူ အသက် ၃၈ နှစ်အရွယ် ချုတ်ဝိဝပ် ခွန်ဝမ်းထနစ် ကလည်း သူကြည့်ခဲ့ဖူးတဲ့ အယုဒ္ဓယမှတ်တမ်းရုပ်ရှင်ထဲက စစ်သုံ့ပန်းရဲ့အနွယ်တွေ ရောက်လာမယ်မှန်းသိလို့ နခွန်းရာ့ချ်ဆီမားခရိုင်ကနေ လာရောက်ကြိုဆိုတွေ့ဆုံတယ်၊ ဆရာဘန်နာဖတ်က ဦးဆောင်တဲ့ ဒီအစီအစဉ်ဟာ အယုဒ္ဓယမျိုးဆက်တွေ အိမ်ပြန်ခွင့်ရဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်း ဖြစ်တယ်လို့ ပြောသွားပါတယ်။
Source: MGR Online / Sanook


