
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အွန်လိုင်းဆယ်လီ ဧရာဝတီမ သတ်ဖြတ်ခဲ့ရတဲ့ အမှုမှာ သံသယရှိသူ ၄ ယောက်ကို ထိုင်းရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ရှာဖွေနေတယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အွန်လိုင်းဈေးရောင်းသူ ဧရာဝတီမလို့ လူသိများတဲ့ အသက် ၃၃ နှစ်အရွယ် ကိုတင်ဇော်ထွေးဟာ ဇန်နဝါရီ ၁၉ ရက် ညမှာ နေအိမ်ကထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့တာပါ။
ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာ မဲဆောက်မြို့၊ မဲတောင်ရပ်ကွက်က တောင်ယာခင်းတခုမှာ ဦးခေါင်းရိုက်နှက်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်း ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
ဆေးစစ်ချက်အရတော့ သူဟာ ဇက်ကျိုးဒဏ်ရာ၊ ဦးခေါင်းကို အရိုက်ခံထားရတဲ့ ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။
သူအိမ်ကထွက်သွားချိန်မှာ ပါသွားတဲ့ ရွှေထည်၊ ငွေသားတချို့နဲ့ မိုဘိုင်းဖုန်းတို့ကို အလောင်းပြန်တွေ့ချိန်မှာ မပါရှိတဲ့အတွက် ရိုက်နှက်လုယက်ခံရတယ်လို့ ယူဆပြီး အွန်လိုင်းမှာ ရေးသားနေတဲ့ အဓမ္မပြုကျင့်ခံရတယ် ဆိုတာတော့ ဆေးစစ်ချက်မှာ မပါရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧရာဝတီမ သေဆုံးမှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ မြန်မာနိုင်ငံသား ၄ ယောက်ဟာလည်း ထွက်ပြေးလွတ်မြောက်နေပြီး သူတို့ဟာ အရင်ကတည်းက ဧရာဝတီမနဲ့ ရင်းနှီးသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ သံသယရှိသူတွေဟာ နယ်စပ်တဝိုက်မှာ ထွက်ပြေးနေတယ်လို့ ယူဆရတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံဘက်က တော်လှန်ရေးတပ်ဖွဲ့တွေပါ သံသယရှိသူတွေကို နယ်စပ်မှာ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ သူငယ်ချင်းတယောက်က “ဆေးစစ်ချက်မှာတော့ rape လုပ်ခံထားရတယ် ဆိုတာတော့ ကျနော် သိသလောက်တော့ မပါဘူးပေါ့။ ကျနော်သိသလောက်တော့ ဇက်ပိုးကို ရိုက်လိုက်တယ်၊ ဇက်ကျိုးသွားတယ်၊ ခေါင်းကိုရိုက်ထားတယ်၊ သွေးထွက်လွန်ပြီး ဆုံးသွားတဲ့ အနေအထားမျိုးပေါ့။ အမှုမှန်ပေါ်ဖို့အတွက်ကတော့ နယ်စပ်ပြဿနာ ဖြစ်တဲ့အတွက် မဲဆောက်က ရဲတပ်ဖွဲ့ရယ်၊ မြန်မာဘက်က တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ကရင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာတော့ ရှိတယ်ဗျ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ ဧရာဝတီမ (ခေါ်) ကိုတင်ဇော်ထွေးရဲ့ အလောင်းကို မဲဆောက်မြို့ ကျောင်းကြီးကျောင်းမှာ ထားရှိထားပြီး ဇန်နဝါရီ ၂၄ ရက်မှာ သင်္ဂြိုဟ်ဖို့ ရှိနေပါတယ်။
သီရိ


