Home
နိုင်ငံတကာ
ဗြိတိန်ဝန်ကြီးချုပ်နေအိမ်အပါအဝင် မီးလောင်မှုအတွက်  သံသယရှိသူ ၁ ဦးကို  ဖမ်းဆီး
DVB
·
May 14, 2025
Photo :Reuters

လန်ဒန်မြောက်ပိုင်းရှိ ဗြိတိန်ဝန်ကြီးချုပ် ကေယာစတာမာရဲ့ ကိုယ်ပိုင်နေအိမ်မှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသားတယောက်ကို မီးရှို့မှု သံသယနဲ့ ဖမ်းဆီးခဲ့ကြောင်း ဗြိတိန်ရဲတပ်ဖွဲ့က မေ ၁၃ ရက်မှာ ပြောပါတယ်။

မေ ၁၂ ရက် မနက်အစောပိုင်းက ဝန်ကြီးချုပ် စတာမာရဲ့ ကိုယ်စားပြု မဲဆန္ဒနယ်ဖြစ်တဲ့ လန်ဒန်မြောက်ပိုင်း ကန်တစ်ရှ်မြို့ရှိ နေအိမ်အပါအဝင် မီးလောင်မှု ၃ ခုကို အကြမ်းဖက်မှု နှိမ်နင်းရေး အရာရှိတွေက စုံစမ်းစစ်ဆေးပြီးနောက် ဝန်ကြီးချုပ်နေအိမ် မီးလောင်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိပေမဲ့ နေအိမ်အ၀င်ဝမှာ ပျက်စီးခဲ့ကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မီးသတ်တပ်ဖွဲ့က သူတို့ဟာ အသေးစား မီးလောင်မှုတခုကို ဖြေရှင်းခဲ့တယ်လို့ ပြောပါတယ်။

အဲဒီမီးလောင်မှုနဲ့ ထပ်ဆင့်ဖြစ်ပွားခဲ့တဲ့ တခြားဖြစ်ရပ် ၂ ခုနဲ့ ဆက်စပ်ပြီး လူ့အသက်အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်တဲ့ မီးရှို့မှု သံသယနဲ့ အမျိုးသားတယောက်ကို အင်္ဂါနေ့ အစောပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး သူ့ကို ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ဟာ တနင်္ဂနွေနေ့တုန်းက အနီးအနားရှိ အစ္စလင်းတန် မြို့တွင်းပိုင်းရှိ နေအိမ်ရဲ့ အ၀င်ဝမှာ မီးလောင်မှုနဲ့ ကြာသပတေးနေ့မှာ ကန်တစ်ရှ်မြို့က မော်တော်ယာဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းနဲ့ ဆက်စပ်မှုရှိမရှိကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ ပါတယ်။

အစ္စလင်းတန်နေအိမ်ကလည်း ၀န်ကြီးချုပ်နဲ့ ပတ်သက်နေမှုရှိကြောင်း BBC သတင်းမှာ ဖော်ပြထားပါတယ်။ ဒီမီးလောင်မှုဟာ လူသိထင်ရှား ပုဂ္ဂိုလ်ကြီးတယောက်နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ နေအိမ်မီးလောင်မှု ဖြစ်တာကြောင့် လန်ဒန်မြို့တော် အကြမ်းဖက်မှု နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အရာရှိတွေက စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်မြောက်ပိုင်းမှာ ကိုယ်ပိုင်အိမ်တလုံးရှိထားတဲ့ စတားမာဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ၀န်ကြီးချုပ် ဖြစ်လာကတည်းက သူ့ရဲ့ ဒေါင်းနင်းလမ်းရုံးခန်းနဲ့ ဝန်ကြီးချုပ်အိမ်တော်မှာ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013