Home
မြန်မာသတင်း
ကျားဖြန့်အွန်လိုင်းလိမ်လည်မှု သံသယရှိသူပေါင်း ၇၈,၀၀၀ ကို တရားစွဲခဲ့ဟု တရုတ် ပြော 
DVB
·
March 9, 2025
Photo: Reuters

တယ်လီကွန်းနဲ့ ဆိုက်ဘာလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုတွေကို ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနေရာမှာ သံသယရှိသူပေါင်း အယောက်  ၇၈,၀၀၀ ကို ၂၀၂၄ ခုနှစ်ထဲမှာ တရားစွဲဆိုနိုင်ခဲ့တယ်လို့  တရုတ်ရှေ့နေချုပ်ရုံးက ပြောပါတယ်။

တရုတ်အစိုးရဟာ မနှစ်က မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းလိမ်လည်မှုတွေအတွက် ဥပဒေနဲ့အညီ ပြစ်ဒဏ်တွေ တင်းကျပ်ထားတယ်လို့ အစိုးရတရားစွဲရှေ့နေချုပ် ယင်းယုံ့က ပေကျင်းမြို့တော်မှာ မတ် ၈ ရက်က ပြောပါတယ်။

၁၄ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ရဲ့ တတိယအစည်းအဝေးအတွင်း တရုတ်ပြည်သူ့လွှတ်တော်ရှေ့နေချုပ်ရဲ့ လုပ်ငန်းအစီရင်ခံစာကို တင်ပြချိန်မှာ ခုလို ပြောလိုက်တာပါ။

မနှစ်က မြန်မာနိုင်ငံမြောက်ပိုင်းမှာ တယ်လီကွန်းနဲ့ ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နင်းရာမှာ တရုတ်အစိုးရအဖွဲ့တွေရဲ့ တိုးတက်ဆောင်ရွက်ချက်တွေကို သူကမီးမောင်းထိုးပြ ခဲ့ပါတယ်။

အခုနှစ်ထဲမှာတော့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး မြန်မာနိုင်ငံမြောက်ပိုင်းက တယ်လီကွန်းနဲ့ ဆိုက်ဘာဆိုင်ရာ မသမာမှုတွေ အပါအဝင် အဓိကတရားစွဲဆိုထားတဲ့ အမှုပေါင်း ၉ ခုကို ကြီးကြပ်ကွပ်ကဲခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မင်မျိုးနွယ်မိသားစုနဲ့ ဆက်စပ်ရာဇ၀တ်ဂိုဏ်းတွေက လည်ပတ်နေတဲ့ ရာဇ၀တ် ဂိုဏ်းအုပ်စုက လူတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်ပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မင်မိသားစုနဲ့ ရာဇ၀တ်ဂိုဏ်းတွေဟာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးခေါ်ဆောင်မှု၊ တရားမဝင် ထိန်းသိမ်းမှု၊ အလွဲသုံးစားမှုနဲ့ လူသတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသားတွေကို လိမ်ဖို့ ပြည်ပမှာ ဆက်သွယ်ရေးကွန်ရက်တွေကို သုံးပြီး တရုတ် နိုင်ငံသားတွေအတွက် အွန်လိုင်းလောင်းကစားရုံတွေကို ဖွင့်တဲ့အပြင် တရုတ်အမျိုးသမီးတွေကို ပြည့်တန်ဆာလုပ်ဖို့ စီစဉ်ခဲ့တယ်လို့ CCTV သတင်းမှာဖော်ပြပါတယ်။

ဒီအဖွဲ့တွေရဲ့ အဖွဲ့ဝင်တွေဟာ လိမ်လည်မှု၊ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊ တရားမဝင် ထိန်းသိမ်းမှု၊ လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ အဓမ္မ ပြည့်တန်ဆာမှုတွေနဲ့ စွဲချက်တင်ခံထားရတယ်လို့လည်း   တရုတ်နိုင်ငံပိုင် သတင်းဌာနက ထုတ်လွှင့်သွားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013