Home
နိုင်ငံတကာ
ချာလီကာ့ခ် လုပ်ကြံမှု သံသယရှိသူ၏ ပုံရိပ်များ ထုတ်ပြန်၊ ပစ်ခတ်သည့် ရိုင်ဖယ် တွေ့ရှိ
DVB
·
September 12, 2025

ဩဇာကြီးတဲ့ ထရမ့်ပ် ထောက်ခံသူ၊ ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ကို လုပ်ကြံမှုအတွက် သံသယရှိသူရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို စုံစမ်းစစ်ဆေးရေးမှူးတွေက ထုတ်ပြန်ခဲ့ပါတယ်။

သတ်ဖြတ်မှု သုံးစွဲခဲ့တယ်လို့ ယူဆရတဲ့ ရိုင်ဖယ်သေနတ်ကိုလည်း တွေ့ရှိပြီဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ လူငယ်မဲဆန္ဒရှင်တွေကြားမှာ ရီပတ်ဘလီကန်ပါတီအပေါ် ထောက်ခံမှု အားကောင်းအောင် ကူညီပေးခဲ့တဲ့ ထရမ့်ပ်နဲ့ ရင်းနှီးတဲ့ မဟာမိတ်တယောက်လည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၁၀ ရက်က ယူတားရ်ပြည်နယ်က တက္ကသိုလ်တခုမှာ မိန့်ခွန်းပြောနေတုန်း သေနတ်တချက်တည်းနဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးတွေရဲ့ အဆိုအရ လုပ်ကြံသူဟာ ကာ့ခ်ရဲ့ ပွဲမစခင် မိနစ်အနည်းငယ်အလိုမှာ တက္ကသိုလ်ဝင်းထဲကို ရောက်လာခဲ့တာပါ။

လုံခြုံရေးကင်မရာမှတ်တမ်းတွေမှာတော့ လုပ်ကြံသူဟာ အဆောက်အအုံတခုရဲ့ ခေါင်မိုးပေါ်ကို လှေကားကနေ တက်သွားပြီး ကာ့ခ်ကို ပစ်ခတ်ခဲ့တာကို တွေ့ရပါတယ်။

သေနတ်ကိုင်ဆောင်ခွင့်ကို အခိုင်အမာထောက်ခံသူဖြစ်တဲ့ ကာ့ခ်ဟာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပရိသတ်ရဲ့မေးခွန်းတခုကို ဖြေကြားနေတုန်းမှာပဲ လည်ပင်းကို ကျည်ဆန်ထိမှန်ခဲ့တာဖြစ်ပြီး ပရိသတ်တွေလည်း ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

FBI ကတော့ လုပ်ကြံသူကို ဖမ်းဆီးရမိနိုင်မယ့် သတင်းပေးသူကို ဒေါ်လာတသိန်း ဆုငွေထုတ်ထားပါတယ်။

ထုတ်ပြန်လိုက်တဲ့ မသဲမကွဲပုံတွေထဲမှာ သံသယရှိသူဟာ အနက်ရောင်လက်ရှည်အင်္ကျီ၊ နေကာမျက်မှန်အနက်နဲ့ ဘေ့စ်ဘောဦးထုပ်ကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

သူ့ရဲ့အင်္ကျီပေါ်မှာတော့ အမေရိကန်အလံကိုဖြတ်ပြီး ပျံသန်းနေတဲ့ လင်းယုန်ပုံကို ရိုက်နှိပ်ထားပါတယ်။

လုပ်ကြံသူဟာ ခေါင်မိုးပေါ်ကနေ ဆင်းသွားတဲ့အချိန်မှာ အဆောက်အအုံပေါ်မှာ လက်ဝါးရာနဲ့ DNA အထောက်အထားတွေ ချန်ထားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် တက္ကသိုလ်နားက တောအုပ်လေးထဲကို ဖြတ်သွားခဲ့ပြီး အဲဒီနေရာမှာပဲ ပစ်ခတ်မှုမှာ သုံးခဲ့တဲ့ စွမ်းအားမြင့် ရိုင်ဖယ်တလက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သမ္မတထရမ့်ပ်ကတော့ ကာ့ခ်ကို နိုင်ငံရဲ့ အမြင့်ဆုံး အရပ်ဘက်ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သမ္မတလွတ်လပ်ရေးဆုကို ချီးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒုတိယသမ္မတ ဂျေဒီဗန့်စ် ကလည်း သူ့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းပြီး ကာ့ခ်ရဲ့မိသားစုနဲ့ တွေ့ဆုံဖို့ ယူတားပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။

ဒါ့အပြင် ကာ့ခ်ရဲ့ရုပ်အလောင်းကို သူ့ရဲ့ဇာတိ အရီဇိုးနားပြည်နယ်ကို ဒုတိယသမ္မတရဲ့လေယာဉ်နဲ့ ပြန်လည်သယ်ဆောင်ပေးခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013