
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဟင်္သာတမြို့နယ် အလုပ်အမှုဆောင် အတွင်းရေးမှူး၊ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်စိုး ကွယ်လွန်သွားတယ်လို့ ဦးကျော်စိုးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဦးကျော်စိုးဟာ ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဟင်္သာတမြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်သူ ဦးကျော်စိုးနဲ့ နီးစပ်သူတယောက်က “ဦးကျော်စိုးက စိတ်ထားသဘောထား ဖြူစင်တဲ့ လုပ်ဖော်ကိုင်ဘက်ကောင်းတယောက် ဖြစ်ပါတယ်။ တကယ် စိတ်မကောင်းဖြစ်ရတယ်။ နှလုံးရောဂါအခံရှိတယ်။ ရောဂါအခံနဲ့ ကွယ်လွန်တာပါ။ ဒီချုပ်ပါတီ ဟင်္သာတမြို့နယ် အလုပ်အမှုဆောင် အတွင်းရေးမှူးတာဝန် ယူခဲ့သူပါ” လို့ ပြောပါတယ်။
ကွယ်လွန်သူ ဦးကျော်စိုးဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဟင်္သာတမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ်အရွယ် ရှိပြီလို့ သိရပါတယ်။
ဟင်္သာတမြို့နယ်က ဒေသခံအရပ်သားတယောက်က “ဦးကျော်စိုးက ပြည်သူနဲ့လည်း သဟဇာတဖြစ်တဲ့ပုဂ္ဂိုလ်ပါ။ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း အားကြိုးမာန်တက် လုပ်ခဲ့သူ၊ ဟင်္သာတ-ဓမ္မီ-မြို့ကွင်းဘက်က လမ်းတွေ တံတားတွေကို ဦးကျော်စိုး ကိုယ်စားလှယ်တာဝန် ယူတုန်းက ဆောင်ရွက်ပေးခဲ့တာ” လို့ ပြောပါတယ်။
ဦးကျော်စိုးဟာ လွှတ်တော်ကိုယ်စားလှယ်တာဝန် ထမ်းဆောင်စဉ်က ဧရာဝတီတိုင်းလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီ၊ သာသနာရေး၊ စည်ပင်သာယာရေးနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီတို့မှာ ပါဝင် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။


