Home
မြန်မာသတင်း
မြန်မာလူထုဆန္ဒကို လေးစားရန်နှင့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် NLD တောင်းဆို 
DVB
·
October 29, 2025
Photo: NLD

မြန်မာပြည်သူလူထုရဲ့ ဆန္ဒအမှန်ကို လေးစားအသိအမှတ်ပြုဖို့နဲ့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က  နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့  အစိုးရတွေကို တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့  လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က  အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပြီး အချက် ၇ ချက်ကို တောင်းဆိုလိုက်တာပါ။

တောင်းဆိုချက်တွေထဲတော့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နည်းပညာ အထောက်အပံ့နဲ့  ငွေကြေးအကူအညီ မပေးဖို့၊ ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်တာမလုပ်ဖို့၊  စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲ တရားမဝင်ကြောင်း၊ အသိအမှတ် မပြုကြောင်း ပူးတွဲကြေညာဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် တရားမဝင်ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာမယ့်အဖွဲ့သစ်နဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့၊ ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိဖို့ တိုက်တွန်းထားသလို NLD ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေလွတ်မြောက်ရေးဆောင်ရွက်ပေးဖို့၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ကူညီအကောင်အထည်ဖော်ပေးဖို့လည်း တိုက်တွန်း ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ အညီ တရားဝင်မှု ဆက်လက် တည်ရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံတဝန်း မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ အနက်  ၁,၁၁၇ နယ် ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၃၈ ရာခိုင်နှုန်းမှာ ကျင်းပနိုင်ခဲ့ပြီး  နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၅,၃၇၉  ယောက်နဲ့  တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၆၀ ယောက်တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ဆိုပါတယ်။

တနိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူ ၃၈,၂၇၁,၄၄၇  ယောက်ရှိတဲ့အထဲ ၇၁ ရာခိုင်နှုန်းကျော် လာရောက် မဲပေးခဲ့ကြပြီး NLD ပါတီက မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် အယောက်  ၉၂၀  ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်၊  ၂၀၂၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက လွတ်လပ် တရားမျှတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ လွှတ်တော်ကျင်းတော့မယ့် အချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အာဏာသိမ်းစစ်တပ်ကကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဟာ ဒီမိုကရေစီစံနှုန်း၊ ဖယ်ဒရယ်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိသလို  ၂၀၀၈ ဖွဲ့စည်းပုံနဲ့တောင်ကိုက်ညီမှု မရှိကြောင်း၊ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်၊ စည်းရုံးခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့်တွေ လုံးဝမရှိကြောင်း၊  နိုင်ငံတဝန်း ပဋိပက္ခတွေဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၃.၆ သန်းကျော်ရှိနေချိန်မှာ နိုင်ငံဧရိယာရဲ့ ၃ ပုံ ၁ ပုံမှသာ ကျင်းပမယ့်ရွေးကောက်ပွဲဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲ ပထမပိုင်းအရ ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ထက်ဝက်ကျော်ပါရှိမှာဖြစ်လို့ ပြည်သူကို ကိုယ်စားပြုမှု မရှိကြောင်း NLD ကထောက်ပြထားပါတယ်။

လူထုစစ်တမ်းအရလည်း  စစ်တပ်ရဲ့ ရွေးကောက်ပွဲကို   ပြည်သူလူထုက  ပယ်ချထားပြီး၊ ဥရောပသမဂ္ဂ၊ အာဆီယံ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့တို့က ရွေးကောက်ပွဲကို လက်မခံကြောင်း ကြေညာထားသလို အောက်တိုဘာလ ၂၆ ရက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့  ထုတ်ပြန်ချက်မှာ ဘက်အသီးသီးမှ အကြမ်းဖက်မှုတွေရပ်တန့်ကာ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ  ဦးစားပေးပြုလုပ်ဖို့ တိုက်တွန်းထား ပါတယ်။ 

ဒါ့အပြင် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံတာဟာ စစ်အာဏာရှင်စနစ်ကို  တရားဝင်မှုပေးတာဖြစ်တယ်၊ ရွေးကောက်ပွဲကို ထောက်ခံတာဟာ  ပြည်သူ့ဆန္ဒကို ပစ်ပယ်လိုက်တာ ဖြစ်တယ်၊ အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပတာဟာ မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခတွေ တိုးပွားလာစေမယ်၊ NLD အနေနဲ့ လက်မခံ၊ အသိအမှတ် မပြု၊ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အာဏာသိမ်း စစ်တပ်ကတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းကြောင်း ကြေညာထားပြီး ပါတီခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေကို  ဖမ်းဆီး အကျဉ်းချထားသလို ၊ ပါတီရုံးတွေကိုလည်း ချိပ်ပိတ် ဖျက်ဆီးထားပါတယ်။

ဒါ့အပြင် လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ပထမပိုင်းကိုကျင်းပဖို့ ပြင်ဆင်နေပြီး ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေလည်း စတင်မဲဆွယ်စည်းရုံးနေကြပြီဖြစ်ပါတယ်။  

Photo: NLD

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013