
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ၂၀၂၅ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခွင့်ကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာ စတင်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီလို ခွင့်ပြုပေးလိုက်တဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေအနေနဲ့ တရားဝင် မဲဆွယ်နိုင်ပြီဖြစ်တဲ့အတွက် တချို့ပါတီတွေ ဒီကနေ့ မဲစဆွယ်နေကြတာကိုလည်း တွေ့ရပါတယ်။
အင်အားကြီးပါတီတွေထဲက စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီဟာ မဲဆွယ်စည်းရုံးရေးစတဲ့ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်က သူတို့ပါတီဌာနချုပ်မှာ ပါတီအမှတ်တံဆိပ်တွေပါတဲ့ ဗီနိုင်းထောင်တာ၊ နိုင်ငံတဝန်းက ပါတီဝင်တွေအနေနဲ့ အွန်လိုင်းမှာ ပရိုဖိုင်ချိန်းတာတွေ စတင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
နေပြည်တော် ဌာနချုပ်မှာလုပ်တဲ့ အခမ်းအနားကို ပါတီဝင်နဲ့ ကိုယ်စားလှယ်လောင်းတွေ အင်အား ၅,၀၀၀ ကျော် တက်မယ်လို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီက မနေ့ညပိုင်းမှာ ပြောကြားထားပါတယ်။
အလားတူ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီကလည်း ဒီကနေ့မနက်ပိုင်းမှာ အချက်ပေါင်း ၃၀ ပါတဲ့ သူတို့ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ပါတီရဲ့ လူမှုကွန်ရက်ကတဆင့် ပြည်သူကို အသိပေးလာတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲဥပဒေ နည်းဥပဒေတွေအရ ပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေဟာ ဒီကနေ့ အောက်တိုဘာ ၂၈ ရက် မနက်ကနေ လာမယ့် ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီအထိ ပြည်သူတွေကို မဲဆွယ်စည်းရုံးခွင့်ရှိပြီး မဲဆွယ်ကာလ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
ရန်ကုန်က ဝင်အရွေးခံမယ့် တသီးပုဂ္ဂလ အမတ်လောင်းတချို့လည်း ဒီကနေ့မှာ မဲဆွယ်စည်းရုံးတာ၊ ပန်းဖလက်ဝေတာ၊ ဗီနိုင်းထောင်တာတွေ စတင်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းက ကြေညာတဲ့ ထုတ်ပြန်ချက်အရ ပါတီတွေကို ဒီကနေ့ အောက်တိုဘာ ၂၈ ရက် ညပိုင်းကစပြီး နိုင်ငံပိုင် ရုပ်သံလိုင်းတွေကတဆင့် မဲဆွယ်စည်းရုံး ဟောပြောခွင့် ပေးသွားမယ်လို့လည်း သိရပါတယ်။
ဟောပြောတင်ပြချင်တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ ဒါမှမဟုတ် အတွင်းရေးမှူးက အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားပြီး UEC ထံကို ဟောပြောမယ့် စာမူနဲ့အတူ ခွင့်ပြုမိန့် လျှောက်ရမယ်လို့ ညွှန်ကြားထားတာကိုလည်း တွေ့ရပါတယ်။
စစ်အုပ်စုကတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ စတင်ကျင်းပမယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် အမည်စာရင်းတင်သွင်းထားတာကို တွေ့ရပါတယ်။
အဲဒီထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် အပါအဝင် ၈၆ ယောက်ကို UEC က ကိုယ်စားလှယ်လောင်း အမည်စာရင်းကနေ ပယ်ဖျက်ခဲ့ကြောင်းလည်း သိရပါတယ်။
စစ်တပ်ရဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲ မစတင်ခင် ကာလအတော်ကြား ကတည်းက နည်းမျိုးစုံနဲ့ မဲဆွယ်စည်းရုံးတာတွေ ဖိအားပေးခြိမ်းခြောက်တာတွေ ပြုလုပ်နေပြီး မဲဆန္ဒနယ် အတော်များများမှာလည်း ယှဉ်ပြိုင်မယ့်သူမရှိတဲ့အတွက် အနိုင်ရမယ့် အခြေအနေ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




