Home
နိုင်ငံတကာ
ကမ္ဘာ့အသက်အကြီးဆုံး ကင်မရွန်းသမ္မတ ရွေးကောက်ပွဲ ၈ ကြိမ်ဆက် အနိုင်ရ
DVB
·
October 28, 2025
Photo: Reuters

အသက် ၉၂ နှစ်အရွယ် ကင်မရွန်းသမ္မတက အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရပြီး ၈ ကြိမ်မြောက် သက်တမ်းကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်ကြီးဆုံး နိုင်ငံတော်အကြီးအကဲဖြစ်သူ ပေါလ် ဘီယာဟာ မဲ ၅၃ ဒသမ ၇ ရာခိုင်နှုန်း ရလဒ်နဲ့ အနိုင်ရခဲ့တာလို့ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီရဲ့ အတည်ပြုချက်အရ သိရပါတယ်။

အဲဒီနောက် အတိုက်အခံခေါင်းဆောင် အီဆာ ချီရိုးမား ဘာကာရီ (Issa Tchiroma Bakary) ဘက်က  ရွေးကောက်ပွဲကို သူအနိုင်ရကြောင်း ပြောထားပေမဲ့လည်း မဲ ၃၅ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိခဲ့တာ တွေ့ရပါတယ်။

ဒါဟာ ချီရိုးမား ဘာကာရီရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို အာဏာရ CPDM ပါတီက မဲမသမာမှုတွေနဲ့ ခိုးယူခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ကင်မရွန်း ပြည်သူ့ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီ (CPDM) ဘက်က ဒါကို ပယ်ချခဲ့တဲ့အလျောက် နှစ်ဖက်တင်းမာမှု မြင့်တက်လာခဲ့ပါတယ်။

ဒါကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာပြီး ဒူအာလာ စီးပွားရေးမြို့တော်မှာ အနည်းဆုံး ၄ ယောက် သေဆုံးခဲ့ပါတယ်။

ကင်မရွန်းမြို့တော် ယာအွန်ဒေ မှာလည်း အခြေအနေတွေ တင်းမာနေတဲ့အလျောက် ပုဂ္ဂလိကနဲ့ အစိုးရဝန်ထမ်းအများစုဟာ အိမ်ထဲမှာသာ နေရသလို စတိုးဆိုင်တွေနဲ့ ကျောင်းအားလုံးနီးပါးလည်း ပိတ်ထားရပါတယ်။

လက်ရှိသမ္မတ ဘီယာကတော့ သူ့အပေါ် “နောက်တကြိမ်” ယုံကြည်ပေးတဲ့ မဲဆန္ဒရှင်တွေကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

၁၉၈၂ ခုနှစ်ကတည်းက အာဏာရလာခဲ့တဲ့ ဘီယာကို လူမြင်ကွင်းမှာ သိပ်မတွေ့ရဘဲ အာာဖရိကပြင်ပမှာ နေထိုင်လေ့ရှိသူအဖြစ် လူသိများပါတယ်။

အခုလိုမျိုး ကာလကြာရှည် ပျောက်နေတာနဲ့ အသက်အရွယ်ကြီးရင့်မှုကြောင့် သမ္မတ ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေလည်း အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ကင်မရွန်းသမ္မတရာထူးအတွက် ဆန္ဒမဲပေးသူ စုစုပေါင်း ၅၈ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

အဲဒီမှာ ဘီယာရဲ့  မဟာမိတ်ဟောင်းဖြစ်တဲ့ ချီရိုးမား ဘာကာရီနဲ့ ဝန်ကြီးချုပ်ဟောင်း ဘယ်လို ဘူဘာ မိုင်ဂါရီ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၀ ယောက်အထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကင်မရွန်းနိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်ဟာ ပြည်သူ့ဆန္ဒအပေါ် မထင်ဟပ်နိုင်ရင် နိုင်ငံရေး မငြိမ်သက်မှုကြားထဲ ရောက်သွားနိုင်တယ်ဆိုပြီး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013