
ချင်းပြည်နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၈၃ ယောက် ပါဝင်ယှဉ်ပြိုင်မယ်လို့ စစ်တက်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ပါတယ်။
ဒေသဧရိယာရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ချင်းပြည်နယ် ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှာ ကိုယ်စားလှယ် ၂၈ နေရာအတွက် ကိုယ်စားလှယ်လောင်း ၈၃ ယောက် ယှဉ်ပြိုင်သွားမှာလို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ဟားခါးမြို့နဲ့ တီးတိန်မြို့နယ်တို့ ပါဝင်ပြီး ထန်တလန်မြို့နယ်အပြင် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေကိုတော့ ကျန်အပိုင်းတွေမှာ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့အတွက် စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးလုပ်ဖို့ ချင်းပြည်နယ်ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက် ပြုလုပ်နေပါတယ်။
စစ်ကောင်စီက ကျေးလက်ဒေသတွေမှာ ရွေးကောက်ပွဲမလုပ်ဘဲ သူတို့ထိန်းချုပ်ထားတဲ့ ဟားခါးမြို့ပေါ်မှာသာ အဓိကရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီ သက်ဆိုးရှည်အောင် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်မယ့်သူတွေကိုလည်း သတိပေးထားပြီး စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေပါက သူတို့ရဲ့ လုပ်ဆောင်မှုအတွက် တာဝန်ခံရမယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
“သူ ဘယ်လိုပဲ လုပ်နေလုပ်နေ ချင်းပြည်နယ်ရဲ့ ကျေးလက်ဒေသအထိတော့ လုပ်နိုင်မယ်လို့ ကျနော်တို့ကတော့ မထင်ဘူး။ မလုပ်နိုင်အောင်လည်း ကျနော်တို့က ကာကွယ်သွားမယ်။ စစ်ကောင်စီက ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကအစ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေက အစ ကျနော်တို့က သတိပေးထားပါတယ်။ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် ပံ့ပိုးကူညီမှုမလုပ်ကြဖို့ ဆိုပြီးတော့မှ ကျနော်တို့ ခုကတည်းက တပ်လှန့် ဆော်ဩထားတာတွေ ရှိပါတယ်။”
ပြည်သူလူထုအနေနဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မပါဝင်ကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ချင်းမြောက်ပိုင်း ဟားခါးမြို့ပေါ်နဲ့ တီးတိန်မြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူတွေ၊ ဒေသတခုကို စစ်ဘေးရှောင်ပြီး ရက်ပေါင်း ၁၈၀ နေထိုင်ပြီးသူတွေ မဲပေးရမှာဖြစ်သလို မီဇိုရမ်ပြည်နယ်ဘက်ကို ရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက ဇီဝအချက်အလက်ရရှိပြီးသား ဒုက္ခသည်တွေလည်း မဲပေးရမယ့်အထဲ ပါလာနိုင်တယ်လို့ ချင်းပြည်နယ်က အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။
နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားတွေဟာ ရွေးကောက်ပွဲကနေ ဖက်ဒရယ်အာမခံချက်ကို မျှော်လင့်နေကြပေမဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကတော့ ဖက်ဒရယ်အာမခံချက်ကို မရရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အစိုးရဖွဲ့မယ့် ပုံစံနဲ့ အဲဒီအစိုးရအဖွဲ့ကို ချင်းတော်လှန်ရေးဦးဆောင်သူတွေ တုံ့ပြန်မယ့်အပေါ် မူတည်ပြီး အခြေအနေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်လို့ ချင်းနိုင်ငံရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။
“သူတို့ ဘယ်လိုပဲ ကျင်းပပါစေ၊ တက်လာမယ့် အမတ်တွေက အွန်လိုင်းကနေပဲ လွှတ်တော်လုပ်မှာလား၊ အွန်လိုင်းကနေပဲ ချင်းပြည်နယ်အတွက် အစိုးရဖွဲ့မှာလား၊ အနိုင်ရ ကိုယ်စားလှယ်တွေက Ground မှာလာပြီးမှ ရုံးလာထိုင်မယ်ဆိုရင် သူတို့အတွက် လုံခြုံမှု ဘယ်လောက်အထိ ရှိလာနိုင်မလဲ၊ ဒီအပေါ်မှာ တော်လှန်ရေးကို ဦးဆောင်ပေးနေတဲ့ ချင်းနိုင်ငံရေး ခေါင်းဆောင်တွေကလည်း ပြည်သူတွေအတွက် ဘယ်လိုလှုပ်ရှားပေးမှာလဲ ဆိုတာက အများကြီး မူတည်သွားမှာပေါ့။”
ချင်းပြည်နယ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၂၈ နေရာ၊ ခူမီးအမျိုးသားပါတီ (KNP) က ၁ နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ၉ နေရာ၊ ဇိုမီးအမျိုးသားပါတီ (ZNP) က ၁၉ နေရာ၊ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC) က ၂၆ နေရာနဲ့ အသီးသီး ယှဉ်ပြိုင်မယ်လို့ UEC ထုတ်ပြန်တဲ့စာရင်းမှာ ပါရှိပါတယ်။
သီရိ




