ဩစတြေးလျနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်က ကျင်းပတဲ့ Nike Melbourne မာရသွန်ပြေးပွဲမှာ မြန်မာနိုင်ငံသား ၂ ယောက်နဲ့ မလေးရှားနိုင်ငံသား တယောက်တို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝတ်စုံဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့ရဲ့ နာမည်တွေ ရေးထိုးထားတဲ့ ခေါင်းစည်းပဝါစည်းကာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။
ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတဲ့ NLD မပါဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို ကမ္ဘာကသိစေဖို့၊ ကိုယ်ကျိုးစွန့် အသက်ပေးခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော်တို့ကို အမှတ်ရ ဂုဏ်ပြုဖို့နဲ့ အကျဉ်းထောင်မှာ ကျန်းမာရေးချို့တဲ့နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး သူ့ရဲ့ ခံနိုင်ရည်ရှိမှုကို အမှတ်ရစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ သိရပါတယ်။
ဒီမာရသွန်ပြေးပွဲကနေတဆင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အားပေးထောက်ခံမှုနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ရယူသွားဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။










