Home
ဆောင်းပါး
မြန်မာပြည်မှလာသည့် စိတ်ကြွမူးယစ်ဆေးများ တိုက်ဖျက်ရန် မိတ်ဖက်အသစ်များ သြစတြေးလျ လိုအပ်နေ
DVB
·
September 8, 2025
ArticleAliceWine0_08092025

ဩစတြေးလျရဲ့ နောက်ဆုံးထွက် ရှိလာတဲ့ “တနိုင်ငံလုံးဆိုင်ရာ စွန့်ပစ်ရေ စောင့်ကြည့်စစ်ဆေးမှု” အစီရင်ခံစာဟာ ဥပဒေ အကောင်အထည်ဖော်ရေးကဏ္ဍက လူတော်တော်များများ သိထားပြီးသား အချက်တခုကို အတည်ပြုလိုက်ပါတယ်။ အဲဒါကတော့ စိတ်ကြွဆေးသုံးစွဲမှု အဆမတန် မြင့်တက်လာပြီး တနိုင်ငံလုံးအတိုင်းအတာအရ စံချိန်တင်အဆင့်ကို ရောက်နေပြီဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဩစတြေးလျရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ မူးယစ်ဆေးဝါးအမြောက်အမြားကို ဆက်တိုက်ဖမ်းဆီးမိနေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်က စက်မှုလုပ်ငန်းကြီးတခုလို ထုတ်လုပ်နေတဲ့ ပမာဏနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် သေးငယ်တဲ့ အချက် ဖြစ်နေတာပါပဲ။

ဒီမူးယစ်ဆေးဝါးကုန်သွယ်မှုကို တိုက်ဖျက်ဖို့ ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံထဲက ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့လည်း ပိုမိုထိတွေ့ဆက်ဆံသင့်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်ထဲမှာ စိတ်ကြွဆေးထုတ်လုပ်မှု အဆမတန် မြင့်တက်လာပါတယ်။ ဒါက နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အခုဆိုရင် ဩစတြေးလျရဲ့ လုံခြုံရေးကိုတောင် တိုက်ရိုက်ထိခိုက်နေပါပြီ။

မူးယစ်ဆေးဝါးဖမ်းဆီးမှု၊ တားဆီးမှုတွေ အားကောင်းနေပေမဲ့လည်း ဩစတြေးလျ ရာဇဝတ်ထောက်လှမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အမှတ် ၂၄ အရ ပြည်တွင်းသုံးစွဲမှုပမာဏကို ဖမ်းဆီးရေးတခုတည်းနဲ့ လုပ်ဆောင်လို့မရဘူးဆိုတာ မီးမောင်းထိုးပြနေပါတယ်။

၂၀၂၃-၂၄ ခုနှစ်အတွင်း စိတကြွဆေးသုံးစွဲမှုဟာ ကီလိုဂရမ် ၁၂,၈၁၅ အထိ မြင့်တက်လာခဲ့ပြီး၊ ဒါဟာ အရင်နှစ်ကထက် ၂၁ ရာခိုင်နှုန်း တိုးများလာတာဖြစ်ပြီး အရင်ကလုံးဝမရှိခဲ့တဲ့ စံချိန်တင် ပမာဏတခုလည်း ဖြစ်ပါတယ်။

ဩစတြေးလျ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) ဟာ ပြီးခဲ့တဲ့နှစ်မှာ မူးယစ်ဆေးဝါးနဲ့  မူးယစ်ဆေးဝါးကုန်ကြမ်း ၃၃ ဒသမ ၇ တန် ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါပေမဲ့ အမြစ်တွယ်နေတဲ့ ဝယ်လိုအားဟာ ထောက်ပံ့ရေးလမ်းကြောင်းတွေကို မဖြတ်တောက်နိုင်သေး ပါဘူး။

ဒါ‌ပေမဲ့ ခုလိုအကျပ်အတည်းမျိုးဟာ ဩစတြေးလျတနိုင်ငံတည်းမှာ ဖြစ်နေတာတော့ မဟုတ်ပါဘူး။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ မှတ်တမ်းအရ မြန်မာ၊ လာအို၊ ထိုင်းနိုင်ငံတို့ဆုံရာ ရွှေတြိဂံဒေသဟာ ဓာတုစိတ်ကြွဆေး ထုတ်လုပ်မှုရဲ့ ဗဟိုချက်ဖြစ်လာနေပ ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံဟာ တနိုင်ငံလုံး ပဋိပက္ခတွေနဲ့ ပြန်ကွဲထွက်သွားပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ထဲမှာတော့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ဆက်စပ်တဲ့ ဒေသတွေဟာ တည်ငြိမ်တယ်လို့ဆိုရမှာပါ။

အဲ့ဒီလို နိုင်ငံတဝန်းမတည်ငြိမ်မှုနဲ့ ထုတ်လုပ်ရေးဇုန်တွေက တည်ငြိမ်မှု နှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ မူးယစ်ရာဇာအုပ်စုကြီးတွေ ကြီးထွားဖို့အတွက် ရေခံမြေခံတခုကို ဖန်တီးပေးလိုက်သလိုပါပဲ။ ကုန်သွယ်လမ်းကြောင်းအသစ်တွေက သူတို့ရဲ့လုပ်ငန်းတွေ ဘယ်လောက်တောင် ကြီးထွားလာနေပြီလဲဆိုတာကို ပြသနေပါတယ်။

အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ လမ်းကြောင်းတခုကတော့ ရှမ်းပြည်နယ်ကနေ လာအိုကိုဖြတ်၊ ကမ္ဘောဒီးယားကိုဝင်၊ အဲ့ဒီကနေတဆင့် မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကို သွားတဲ့ လမ်းကြောင်းဖြစ်တယ်လို့ UNODC က အစီရင်ခံထားပါတယ်။

တပြိုင်နက်တည်းမှာပဲ စိတ်ကြွဆေးတွေဟာ အိန္ဒိယနိုင်ငံရဲ့ လုံခြုံရေးအားနည်းတဲ့ အရှေ့မြောက်နယ်စပ်ကနေလည်း အလုံးအရင်းနဲ့ ဝင်ရောက်နေပါတယ်။

အခုလို လမ်းကြောင်းတွေ အမျိုးမျိုး ရှိနေတာဟာ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုခက်သွားစေပါတယ်။ ဒါ့အပြင် ဒေသတွင်း ဥပဒေအကောင်အထည်ဖော်ရေး အဖွဲ့တွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါတယ်။

ဩစတြေးလျနိုင်ငံအတွက်တော့ ဒီအကျိုးဆက်တွေက သိသာထင်ရှားလာပါတယ်။ ဩစတြေးလျမှာ သုံးစွဲနေတဲ့ အိုက်စ်လို့ခေါ်တဲ့ စိတ်ကြွဆေး ၇၀ ရာခိုင်နှုန်းလောက်ဟာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းကနေ စတင်ပြီး အရှေ့တောင်အာရှကိုဖြတ်ကာ ပင်လယ်ရေကြောင်းကနေတဆင့် ဩစတြေးလျကို ရောက်ရှိလာတာလို့ AFP က ခန့်မှန်းထားပါတယ်။

ဩစတြေးလျတနိုင်ငံတည်းရဲ့ ကြိုးပမ်းမှုဟာ ဘယ်လောက်ပဲ ထိရောက်မှုရှိပါစေ၊ ထောက်ပံ့ရေးကွင်းဆက်ကို သူ့တနိုင်ငံတည်းနဲ့ ဖြတ်တောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ဒီအကြောင်းအရာက သက်သေပြနေပါတယ်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုစတင်ရာ ဒေသနဲ့ ဩစတြေးလျနိုင်ငံတို့ရဲ့ ထိတွေ့ဆက်ဆံမှုဆိုတာက အတော်လေး အားနည်းနေပါတယ်။ စစ်အုပ်စုလက်အောက်ခံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချခဲ့ပေမဲ့ စစ်အုပ်စုဟာ မူးယစ်ဆေးတင်ပို့မှုနဲ့ပတ်သက်တဲ့ ထောက်လှမ်းရေးသတင်းတွေကို ဆက်လက်မျှဝေနေတုန်းပဲလို့ ဩစတြေးလျရာဇဝတ်ထောက်လှမ်းရေးကော်မရှင်က ဆိုပါတယ်။

ဒါပေမဲ့ ဒီသတင်းတွေရဲ့ ယုံကြည် စိတ်ချရမှုအပိုင်းကလည်း မေးခွန်းထုတ်စရာပါပဲ။ ဒီမူးယစ်ဆေးကုန်သွယ်မှုကနေ အကျိုးအမြတ်ရနေတယ်လို့ စွပ်စွဲခံထားရတဲ့ ပြည်သူ့စစ်တွေနဲ့ တခြားအဖွဲ့တွေ ကိုယ်တိုင်က စစ်အုပ်စုရဲ့ အဓိကအခရာကျတဲ့နေရာကနေ ပါဝင်နေကြလို့ပါပဲ။ 

သူတို့ပေးတဲ့ သတင်းအချက်အလက်တွေကို အားကိုးလိုက်မယ်ဆိုရင် စိတ်ကြွဆေး အဆမတန်များလာအောင် လုပ်ဆောင်နေသူတွေကို တရားဝင်အောင် ပြုလုပ်ပေးသလို ဖြစ်သွားပါလိမ့်မယ်။၊ ဒါမှမဟုတ် အားပေးသလိုမျိုး ဖြစ်သွားနိုင်တဲ့ အန္တရာယ်မှာ ရှိပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ဩစတြေးလျအနေနဲ့ ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကို ပြန်လည်စဉ်းစားသင့်ပါတယ်။ စစ်အုပ်စုထက် ပိုပြီးယုံကြည်ရတဲ့ တရားဝင်မှုရှိတဲ့ အဖွဲ့အစည်းတွေဘက်ကို အာရုံပြောင်းသင့်ပါတယ်။

ဆိုလိုတာကတော့ ဒီမိုကရေစီအရ တရားဝင်မှုရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မူးယစ်ဆေးအန္တရာယ် လျှော့ချရေးနဲ့ လူထုကြံ့ခိုင်ရေးလုပ်ဆောင်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ သတင်းအချက်အလက်ဖလှယ်တဲ့ လမ်းကြောင်းတွေ တည်ဆောက်ဖို့ပါပဲ။

ဒီအဖွဲ့တွေမှာ နိုင်ငံတော်လိုမျိုး အင်အားသုံးအာဏာ မရှိတာ မှန်ပါတယ်။ ဒါပေမဲ့ စစ်အုပ်စုရဲ့ ချုပ်ကိုင်မှုကို အားမပေးဘဲ အကျင့်ပျက်ခြစားမှုနဲ့ ဆင်းရဲမွဲတေမှုလိုမျိုး အရင်းခံ အကြောင်းတရားတွေကို ဖြေရှင်းပေးနိုင်မယ့် လမ်းကြောင်းတခုကိုတော့ သူတို့ ဖန်တီးပေးနိုင်ပါတယ်။ ဒေသတွင်းမှာတော့ ဒီစိတ်ကြွဆေးပြဿနာကို အားလုံးစုပေါင်းတုံ့ပြန်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတနိုင်ငံတည်း ဆိုရင်တော့ ဒီပြဿနာကွန်ရက်တွေကို ဖြိုခွင်းနိုင်မှာ မဟုတ်တာ သေချာပါတယ်။

၂၀၂၄ အောက်တိုဘာလတုန်းက အာဆီယံအဖွဲ့ဟာ ဓာတုစိတ်ကြွဆေးတွေကို အားကောင်းကောင်းနဲ့ တိုက်ဖျက်မယ်ဆိုပြီး ကတိကဝတ်ထားခဲ့ကြပါတယ်။ ဒါဟာ တန်ဖိုးရှိတဲ့အခြေခံတခု ဖြစ်လာပါတယ်။

ဩစတြေးလျဟာ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့လို အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ပူးတွဲစစ်ဆင်ရေးတွေတိုးချဲ့တာ၊ ထောက်လှမ်းရေး သတင်းဖလှယ်မှု မြှင့်တင်တာ၊ ကုန်သွယ်လမ်းကြောင်းတွေတလျှောက် ညှိနှိုင်းဖမ်းဆီးရေးတွေမှာ အင်တိုက်အားတိုက်လုပ်ဆောင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

အရေးကြီးတာကတော့ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ NUG နဲ့ ယုံကြည်ရတဲ့ NGO လို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကိုပါ မဖြစ်မနေ ထည့်သွင်းရပါမယ်။ ဒီလိုလုပ်မှသာ ဒုစရိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အစိုးရကို အားကောင်းစေမယ့်အစား၊ မူးယစ်ဆေးဝါးကုန်သွယ်မှုရဲ့ တကယ့် အရင်းခံအကြောင်းတရားတွေကို ပစ်မှတ်ထား တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်းသစ်မှာလည်း အန္တရာယ်တော့ ရှိပါတယ်။ NUG တို့၊ အရပ်ဘက်အဖွဲ့တွေနဲ့ လုပ်ကိုင်ရင် စစ်ကောင်စီဘက်က ပြန်လည်လက်တုံ့ပြန်တာမျိုးတွေ၊ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ပြဿနာတက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုသုံးနေတဲ့ နည်းလမ်းဟောင်းကတော့ လုံးဝမအောင်မြင်တော့ဘူးဆိုတာ သေချာနေပါပြီ။ ဘာလို့လဲဆိုတော့ မူးယစ်ဆေးဝါးလုပ်ငန်း ဆက်ရှိနေမှ အကျိုးအမြတ်ရမယ့်သူတွေဆီက သတင်းကိုပဲ အားကိုးနေလို့ပါပဲ။ စိတ်ကြွဆေးပြဿနာက ကိုယ်နဲ့မဆိုင်တဲ့ အဝေးကကိစ္စ မဟုတ်တော့ပါဘူး။ ဒီပြဿနာကြောင့် ရလာတဲ့ အမြတ်ငွေတွေက အရှေ့တောင်အာရှမှာ မတည်ငြိမ်အောင်လုပ်ဖို့ ငွေကြေးဖြစ်နေသလို ဩစတြေးလျက လူ့အသိုက်အဝန်းတွေအထိပါ ဒုက္ခပေးနေပါပြီ။

ဩစတြေးလျရဲ့ စွန့်ပစ်ရေ စောင့်ကြည့်ရေး အစီရင်ခံစာရဲ့ အချက်အလက်တွေက သတိပေးနေပါပြီ။ ဩစတြေးလျမှာ စိတ်ကြွဆေးသုံးစွဲမှုက အမြစ်တွယ်နေပြီဆိုတာပါပဲ။ မူးယစ်ဆေးတွေ ဘယ်လောက်ပဲဖမ်းဖမ်း၊ သုံးစွဲတဲ့လူကတော့ လျော့မသွားပါဘူး။ ရှမ်းပြည်နယ်ထဲက ဆေးပြားထုတ်လုပ်တဲ့ အဓိကနေရာကြီးတွေကလည်း ဘာမှမဖြစ်သလိုပဲ ရှိနေတုန်းပါပဲ။ ဒီအခြေအနေကို ပြောင်းလဲချင်ရင်တော့ ဩစတြေးလျအနေနဲ့ ကိုယ့်ရဲ့နည်းလမ်းကို အသစ်ပြန်ပြင်ဖို့ လိုပါပြီ။ ဆိုလိုတာက ဘယ်သူနဲ့ပေါင်းပြီး အလုပ်လုပ်မလဲဆိုတာကို ပြန်စဉ်းစားရပါမယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုမို လက်တွဲလုပ်ဆောင်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတာ မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ တရားဝင်အစိုးရဖြစ်ရေး ကြိုးပမ်းမှုတွေနဲ့ သက်ဆိုင်နေတယ်ဆိုတာကို နားလည်ရပါမယ်။

တကယ်လို့ ပြတ်ပြတ်သားသား အရေးမယူဘူးဆိုရင် ဒီစိတ်ကြွဆေးပြဿနာဟာ ထိန်းမနိုင်သိမ်းမရ ဆက်ပြီးကြီးထွားနေဦးမှာပါ။ ကိုယ့်နိုင်ငံထဲမှာ ဆေးစွဲတဲ့သူတွေ ပိုများလာသလို၊ တခြားနိုင်ငံတွေမှာလည်း မတည်ငြိမ်မှုတွေ ဆက်ဖြစ်နေဦးမှာပါပဲ။ နောက်တနည်းကတော့ ပိုခက်ခဲပေမဲ့ လုပ်ကိုလုပ်ရမယ့် နည်းလမ်းဖြစ်ပါတယ်။ အဲဒါကတော့ ပြဿနာရဲ့ အရင်းခံနေရာကို တိုက်ရိုက်ကိုင်တွယ်ဖို့ဖြစ်ပါတယ်။ ထိရောက်ပြီး တရားဝင်တဲ့ မိတ်ဖက်တွေနဲ့ လက်တွဲရပါမယ်။ ပြီးရင် ဒေသတွင်းနိုင်ငံအားလုံးနဲ့ ညှိညှိနှိုင်းနှိုင်း ပူးပေါင်းကာ ဒီသေမင်းတမန်စီးပွားရေးကနေ အာဏာနဲ့ ငွေကြေးအကျိုးအမြတ်တွေ ရနေသူတွေကို အမြစ်ပြတ်တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။

အဲလစ်ဝိုင် 

Ref:  ASPI 

( The Australian Strategic Policy Institute (ASPI) ဝက်ဆိုက်မှာ အငယ်တန်းသုတေသီ Alice Wai ရေးသားသည့်  “Australia needs new partners in fighting meth supply from Myanmar” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024