
အင်ဒို-ပစိဖိတ်ဒေသ ခြိမ်းခြောက်မှု တိုးပွားလာတာကြောင့် ဩစတြေးလျနဲ့ ဂျပန်နိုင်ငံတို့ဟာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး နက်နက်ရှိုင်းရှိုင်းလုပ်ဖို့ ကတိပြုခဲ့ကြပါတယ်။
အဲဒီပူးပေါင်းဆောင်ရွက်မှုမှာ ပင်လယ်ဖြတ်ကျော်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတဲ့ နိုင်ငံသားတွေကိုလည်း အကူအညီပေးမှု ပါဝင်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး အီဝါယာက “ဖြစ်လာနိုင်တဲ့ အရေးပေါ်ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ပြီး ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်အောင် သဘောတူခဲ့ပါတယ်။ ဒါဟာ ၂ နိုင်ငံလုံးရဲ့ ဒေသလုံခြုံရေးကို အကျိုးသက်ရောက်မှာပါ” လို့ ပြောပါတယ်။
ဩစတြေးလျ၊ ဂျပန် ဆွေးနွေးပွဲကို တိုကျိုမြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး နာကာ တာနီနဲ့ ဩစတြေးလျဘက်လည်း အဆင့်တူ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ဂျပန်နဲ့ ဩစတြေးလျတို့ဟာ အမေရိကန်ရဲ့ မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဒေသတွင်း လွှမ်းမိုးမှု တိုးချဲ့လာတာကို ရင်ဆိုင်ဖို့ ဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။
ဂျပန်နဲ့ ဩစတြေးလျတို့ဟာ ၂၀၂၃ ခုနှစ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ အပြန်အလှန်ဝင်ရောက်ခွင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ဖူးပါတယ်။
အဲဒီသဘောတူညီချက်အရ ၂ နိုင်ငံစလုံးဟာ သူတို့နိုင်ငံအတွင်းမှာ အပြန်အလှန် စစ်ရေးလေ့ကျင့်မှုတွေကို ခွင့်ပြုခဲ့ကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံဟာ ဩစတြေးလျနိုင်ငံအတွက် ဒေါ်လာ ၆ ဒသမ ၅ ဘီလီယံတန် စစ်သင်္ဘောတည်ဆောက်ဖို့ သဘောတူခဲ့တာ တွေ့ရပါတယ်။
ဒုတိယကမ္ဘာစစ်ကြောင့် ဂျပန်နိုင်ငံကို စစ်လက်နက်တင်ပို့ခွင့် အလုံးစုံ ပိတ်ပင်ထားခဲ့ပြီး ၂၀၁၄ ခုနှစ် ဧပြီလက အဲဒီပိတ်ပင်ထားမှု လွတ်ကင်းပြီဖြစ်ပါတယ်။
Source: Reuters