
ဂျပန်နိုင်ငံက အလုပ်ခေါ်စာတွေရှိပေမဲ့ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပ စေလွှတ်ခွင့် ထိန်းချုပ်ကန့်သတ်တာတွေကြောင့် စာချုပ်ချုပ်ဆိုပြီးသား လူငယ်တွေ ပြည်ပ ထွက်ခွာခွင့်မရဘဲ အခက်အခဲတွေ ကြုံနေရပါတယ်။
ဂျပန်နိုင်ငံဟာ ထိုင်းနိုင်ငံကိုကျော်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာလိုတဲ့ လူငယ်တွေ အသွားချင်ဆုံး နိုင်ငံဖြစ်တယ်လို့ UNDP Myanmar ရဲ့ ၂၀၂၅ မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
လူငယ် အများစု ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်လိုတဲ့ အကြောင်းအရင်းက အလုပ်အကိုင် အခွင့်အလမ်းသစ်နဲ့ ပိုမို ကောင်းမွန်တဲ့ လစာတွေကြောင့်လို့ ဆိုပါတယ်။
ဂျပန်ကနေ မြန်မာကို လုပ်သားခေါ်တဲ့ အရေအတွက် တိုးလာပေမဲ့ စစ်တပ် လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ် အေဂျင်စီတွေကို အလုပ်သမား စေလွှတ်ခွင့် ကန့်သတ်ထားတာကြောင့် စာချုပ်ချုပ်ပြီးသား လုပ်သားတွေဟာ ပြည်ပထွက်ခွာခွင့် မရဘဲ အခက်အခဲတွေ ကြုံနေရပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီ တာဝန်ရှိသူတယောက်က “ဂျပန်ကိုလည်း အသက် ၁၈ ကနေ ၃၅ နှစ် အမျိုးသား ထွက်ခွင့် အကုန် ပိတ်ထားတယ်။ ဂျပန် တင်ထားတဲ့သူတွေ၊ စာချုပ်ချုပ်ပြီးသားတွေ၊ COE ကျပြီးသားတွေ၊ ပေးမထွက်ဘူး။ ပေးမထွက်တော့ အကုန်လုံး အောက်လမ်းကနေ ထိုင်းတို့၊ မလေးရှားတို့ဘက် ထွက်ကုန်ကြတယ်။ အဲ့မှာ ပိုက်ဆံတွေ ထပ်ကုန်၊ ဒုက္ခတွေရောက် အခက်အခဲတွေ ဖြစ်ကြတာပေါ့။ သူတို့က အမိန့်ထုတ်ရင် စာနဲ့ မထုတ်ဘူး။ နှုတ်မိန့်နဲ့ပဲလာတာ။ ပြီးခဲ့တဲ့နှစ်ကတည်းက အသက် ၁၈ ကနေ ၃၅ နှစ် လုံးဝ ပေးမလွှတ်ဘူး။ ကျန်တဲ့ အသက် လွတ်တဲ့သူပဲ ပေးလွှတ်တယ်။ အခုက အမှုတွဲတွေလည်း ပိုဖြစ်လာတယ်။ အေဂျင်စီတွေက ငွေတွေယူပြီး မပို့နိုင်၊ ငွေလည်း ပြန်မအမ်း၊ အလုပ်သမားတွေလည်း ငွေတွေ သွင်းထားပြီး ပြည်ပ ထွက်မရတော့ အဲဒီ အမှုတွေ ရှုပ်နေတာ အများကြီးပဲ”လို့ ပြောပါတယ်။
ဂျပန်နိုင်ငံကို အလုပ်သမားပို့တဲ့ အေဂျင်စီ ၂၀၀ နီးပါးရှိပြီး၊ ဂျပန်အတွက် တလမှာ အေဂျင်စီတခုကို အလုပ်သမား ၁၅ ယောက်သာ အလုပ်ခေါ်စာ တင်ဖို့ ကန့်သတ်ထားတာကြောင့် အလုပ်ကမ်းလှမ်းတဲ့ ဦးရေနဲ့ အလုပ်သမား ပို့နိုင်တဲ့ အရေအတွက်က လေးပုံတပုံပဲ ရှိတယ်လို့ ဆိုပါတယ်။
ဂျပန်ကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်တာ အချိန် ၁ နှစ်ခွဲ၊ ၂ နှစ်နီးပါး ကြာပြီး၊ ဘာသာစကားသင်တန်း၊ Skilled worker သင်တန်းတွေ အဆင့်ဆင့်တက်ကာ ပြည်ပမှာ လုပ်ငန်းခွင် စာမေးပွဲအောင်ပြီးမှ မြန်မာငွေ ကျပ် သိန်း ၁၀၀ ထက်မနည်း အကုန်ကျခံပြီး သွားရတဲ့ အနေအထားရှိတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဂျပန်မှာ အလုပ်လုပ်နေသူတယောက်က “ဂျပန် သွားဖို့က ငွေသွင်းထားတာက ကျွမ်းကျင်ဗီဇာနဲ့ဆိုရင် ဒေါ်လာ ၁၅၇၅ ဒေါ်လာ သွင်းရတယ်။ အသားတင်ပေါ့။ ဒီကြားထဲမှာ သင်တန်းကြေးတွေ၊ ကုန်ကျစရိတ်တွေ မပါသေးဘူး၊ ဒါက အေဂျင်စီကို သပ်သပ်သွင်းရတဲ့ကြေးပေါ့။ အလုပ်သင်ဗီဇာနဲ့ဆိုရင် ဒေါ်လာ ၂၈၇၅ ဒေါ်လာ သွင်းရတယ်။ အမျိုးမျိုးပေါ့။ လက်ရှိ အပြင်မှာ ပေါက်နေတဲ့ ဒေါ်လာ ပေါက်ဈေးနဲ့ ပေးရတယ်။ ကျမ သွင်းတုန်းက ဒေါ်လာဈေး ၅,၀၀၀ ကျော်လောက် ရှိတော့ အနည်းဆုံး မြန်မာငွေ သိန်း ၇၀ ကျော်လောက် သွင်းထားရတယ်။ စိုးရိမ်တကြီးနဲ့ နေနေရတယ်။ ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မသိတာမျိုး။ ဒါက အေဂျင်စီကြေးပဲ ရှိသေးတယ်။ စာမေးပွဲကြေးတွေ ကျန်သေးတယ်။ စာမေးပွဲ တခါဖြေဖို့ဆိုရင် ၂ သိန်းလောက်ရှိတယ်။ ကြားထဲမှာ ဖောင်တင်ကြေးတွေပေါ့။ ကျွမ်းကျင်ဗီဇာနဲ့ ဆိုရင် အဲ့စာမေးပွဲတွေက သိန်းနဲ့ချီ ပေးရတယ်။ ဒေါ်လာကို မြန်မာငွေနဲ့ ပြန်တွက်ပြီး ပေးရတာပေါ့” လို့ ပြောပါတယ်။
ပြည်ပအလုပ်အကိုင် အေဂျင်စီတွေအနေနဲ့ အလုပ်သမား စေလွှတ်ခွင့်ကို သတ်မှတ် ခွဲတမ်းအတိုင်းသာ စေလွှတ်နေရပြီး၊ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ နိုင်ငံအလိုက် စေလွှတ်ရေးလုပ်ငန်းစဉ် (SOP) နဲ့အညီသာ စိစစ် ခွင့်ပြုပေးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အေဂျင်စီ တခုချင်းအလိုက် တလကို ထိုင်းအတွက် လုပ်သား အယောက် ၅၀၊ မလေးရှားအတွက် အယောက် ၂၀၊ ဂျပန်ကို ၁၅ ယောက်၊ စင်ကာပူအတွက် ၅ ယောက်၊ လာအိုနဲ့ တခြားနိုင်ငံတွေအတွက် ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာ မတင်ဖို့ ကန့်သတ်ထားပါတယ်။
ဇွဲသစ်