Home
ဆောင်းပါး
ဟီရိုရှီးမား အနှစ် ၈၀ အတိတ်ရဲ့ အရိပ်၊ အနာဂတ်ရဲ့ နိဂုံး
DVB
·
August 10, 2025

ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေမှာ အမေရိကန်က နျူကလီးယားဗုံးကြဲချပြီး လူ သိန်းချီသေဆုံး စေခဲ့တဲ့ တိုက်ခိုက်မှုကြီး ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ အနှစ် ၈၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဒါကြောင့် ဟီရိုရှီးမား၊ နာဂါဆာကီ သမိုင်းပုံရိပ်တွေနဲ့ အတူ ချိန်ခွင်လျှာမညီတဲ့ နျူလက်နက်နိုင်ငံတွေနဲ့  သန်းခေါင်ယံ ရောက်လုနီး ကမ္ဘာပျက်နာရီ အကြောင်း တင်ပြပေးချင်ပါတယ်။

ဩဂုတ် ၆ ရက်နေ့။ ဟီရိုရှီးမားမြို့အတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ   အဆိုးဝါးဆုံး ရက်စက်မှုကြီးတခုကို ကဗ္ပည်းတင်ထားခဲ့တဲ့နေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၈၀ ဒီလိုနေ့မျိုးမှာ  ကောင်းကင်ကြီးကွဲအက်ပြီး နေမင်းကြီး ကမ္ဘာပေါ်ကို ကြွေကျလာခဲ့ပါတယ်။ လူ့သမိုင်းကို ထာဝရပြောင်းလဲစေခဲ့ပြီး အဏုမြူခေတ်ကို စတင်စေခဲ့တဲ့ ဒီတိုက်ခိုက်မှုကြီးအတွက် နှစ်စဉ်နှစ်တိုင်း ဩဂုတ် ၆ ရက် ရောက်ပြီဆိုရင် ဟီရိုရှီးမားမှာ  အောက်မေ့သတိရကြပါတယ်။ အတိတ်ကို ပြန်လှည့်ကြည့်ဖို့ ခဏရပ်တန့်နေချိန်မှာ ကြက်သီးထစရာ မေးခွန်းတခုက ကမ္ဘာကြီးကို ခြောက်လှန့်နေပါတယ်။  "ကျနော်တို့တွေ အတိတ်က သင်ခန်းစာတွေကို နားထောင်နေကြရဲ့လား၊ ဒါမှမဟုတ် ဒီလိုစိတ်ကူးနဲ့တောင်တွေးကြည့်လို့မရတဲ့ ကြောက်မက်ဖွယ်ရာ ဘေးဆိုးကြီးမျိုး နောက်တကြိမ်ဖြစ်လာနိုင်တဲ့ အနာဂတ်ဆီကိုပဲ မျက်စိစုံမှိတ်ပြီး ဆက်လျှောက်နေ ကြသလား" ဆိုတာပါဖြစ်ပါတယ်။

အပိုင်း (၁)နေမင်းကြီး ကြွေကျခဲ့တဲ့နေ့

၁၉၄၅ ခုနှစ်၊ ဩဂုတ် ၆ ရက် မနက် ၈ နာရီ ၁၅ မိနစ်။  ဟီရိုရှီးမားမြို့ အတွက် သာယာကြည်လင်တဲ့ နွေရာသီနေ့ရက်တရက်ပါ။

အမေရိကန် B-29 ဗုံးကြဲလေယာဉ် "Enola Gay" ဟာ "Little Boy" လို့ နာမည်ပြောင်ပေးထားတဲ့ အလေးချိန် ၄ တန် ရှိတဲ့အဏုမြူဗုံးကို မြို့ပေါ်တည့်တည့် ကြဲချလိုက်ပါတယ်။ ဒါဟာ စစ်ပွဲမှာ နျူကလီးယားလက်နက်ကို ပထမဆုံးအကြိမ် အသုံးပြုတာ ဖြစ်ပါတယ်။ 

သန့်စင်ထားတဲ့ယူရေနီယံနဲ့ ထုတ်လုပ်တဲ့ အဏုမြူဗုံးဟာ တီအန်တီတန်ချိန် ၁၅,၀၀၀ အားနဲ့ ပေါက်ကွဲပြီး မြို့လယ်ခေါင်ကို လုံးဝပြာကျသွားစေခဲ့ပါတယ်။ ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် လူပေါင်း ၇၈,၀၀၀ လောက် ချက်ချင်းသေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေအတွက်လည်း ပိုခြောက်ခြားစရာကောင်းတဲ့ အဖြစ်ဆိုးက စောင့်ကြိုနေခဲ့ပါတယ်။ သေစေနိုင်ပြီး မျက်စိနဲ့မမြင်နိုင်တဲ့ အဆိပ် - ရေဒီယိုသတ္တိကြွမှုက သူတို့ရဲ့ခန္ဓာကိုယ်တွေထဲကို စိမ့်ဝင်သွားခဲ့ပါတယ်။ နှစ်ကုန်ပိုင်းမှာတော့ သေဆုံးသူအရေအတွက်ဟာ ၁၄၀,၀၀၀ အထိ တိုးလာခဲ့ပါတယ်။ ဒုက္ခဆိုးကြီးက အဲ့ဒီမှာပဲ မပြီးဆုံးခဲ့ပါဘူး။

အသက်ရှင်ကျန်ရစ်သူ ရှင်ဂိုနာအိတိုရဲ့ ပြန်ပြောင်းပြောဆိုချက်အရဆိုရင် သူ့အဖေဟာ ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား မီးလောင်ပြီး မျက်စိကွယ်သွားခဲ့သလို သူ့အရေပြားတွေက ခန္ဓာကိုယ်ကနေ တွဲလောင်းကျနေတယ်လို့ ဆိုပါတယ်။

၃ ရက်အကြာ ဩဂုတ် ၉ ရက်နေ့မှာတော့ နာဂါဆာကီမြို့ပေါ်ကို အမေရိကန်က ဒုတိယအဏုမြူဗုံး ကြဲချခဲ့ပါတယ်။ ပလူတိုနီယံနဲ့ ထုတ်လုပ်တဲ့ ဒီဗုံးကလည်း  လူပေါင်း ၇၅,၀၀၀ ကျော် ထပ်မံ သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် ၆ ရက်အကြာမှာ ဂျပန်က လက်နက်ချခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့တယ်။ ဒါပေမဲ့ လူသားမျိုးနွယ်အတွက် ခြောက်ခြားဖွယ်စာမျက်နှာသစ် တရပ် အဲ့ဒီအချိန်မှာပဲ စတင်ခဲ့ပါတော့တယ်။

အပိုင်း (၂)  နျူကလီးယားကလပ် - မခိုင်မြဲ၊ မညီမျှတဲ့ ချိန်ခွင်လျှာ

ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ အဏုမြူဗုံး သုံးခဲ့တာဟာ  ဒီလက်နက်တွေကို စစ်ပွဲမှာ သုံးခဲ့တဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပိုင်းဆယ်စုနှစ်တွေမှာတော့ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) နဲ့ ထိန်းချုပ်ထားတဲ့ မညီမျှတဲ့ ချိန်ခွင်လျှာတခု ပေါ်ပေါက်လာခဲ့ပါတယ်။ ၁၉၇၀ မှာ အကျိုးသက်ရောက်ခဲ့တဲ့ ဒီစာချုပ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ဆိုဗီယက် (ယနေ့ခေတ်ရုရှား) ဗြိတိန်၊ ပြင်သစ်နဲ့ တရုတ်တို့ကို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

အပေးအယူ အနေနဲ့  နျူကလီးယားမပိုင်ဆိုင်တဲ့ နိုင်ငံတွေက လက်နက်မထုတ်လုပ်ဖို့ သဘောတူပြီး စွမ်းအင်နဲ့ တခြား ငြိမ်းချမ်းတဲ့ သုံးစွဲမှုတွေအတွက်  နျူကလီးယားနည်းပညာကို ရယူသုံးစွဲခွင့်ရှိတယ်လို့ သဘောတူခဲ့ကြပါတယ်။

ဒီစာချုပ်ရဲ့  ရည်မှန်းချက်ကတော့  အဖွဲ့ဝင်နိုင်ငံအားလုံး နျူကလီးယားလက်နက် လုံးဝဖျက်သိမ်း ရေးအတွက် "ရိုးသားစွာ" ညှိနှိုင်းဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နျူကလီးယားကလပ်က အဲ့ဒီမှာပဲ မရပ်သွားခဲ့ဘူး။ NPT ကို လက်မှတ်မထိုးထားတဲ့ အိန္ဒိယနဲ့ အိမ်နီးချင်းပြိုင်ဘက် ပါကစ္စတန်တို့ဟာ နျူကလီးယားဗုံးတွေ ထုတ်လုပ်၊ စမ်းသပ်နိုင်ခဲ့ကြပါတယ်။

အစ္စရေးမှာလည်း နျူကလီးယားလက်နက်တိုက်ပါ ရှိတယ်လို့ အများယုံကြည်ထားကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံကတော့  NPT မှာ ပါဝင်ပြီးမှ ပြန်နုတ်ထွက်ခဲ့တဲ့ တခုတည်းသော နိုင်ငံဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မြောက်ကိုရီးယားက ပထမဆုံးနျူကလီးယားဗုံးစမ်းသပ်ဖောက်ခွဲ ခဲ့ပါတယ်။ 

ဒီလိုနဲ့ ကမ္ဘာကြီးဟာ အရန်အတား အခြေခံမူ (principle of deterrence) မူဝါဒအောက်မှာ နေထိုင်ရတဲ့ အခြေအနေရောက်လာပါတယ်။  ဆိုလိုတာက ရန်ဘက်က နျူကလီးယားလက်နက် ဒါမှမဟုတ် တခြားစစ်လက်နက်နဲ့ မတိုက်ခိုက်အောင်ဟန့်တားဖို့အတွက် နျူကလီးယားလက်နက်နဲ့ လက်တုံ့ပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို အရန်အတားအဖြစ်သုံးတာဖြစ်ပါတယ်။  နျူကလီးယား တိုက်ခိုက်မှု တခုရဲ့ အကျိုးဆက်ဟာ ဖျက်ဆီးမှု စွမ်းအား အင်မတန်ကြီးမားပြီးတော့ အပြန်အလှန်သေချာပေါက် ပျက်စီးမယ့် အခြေအနေဟာ ဆိုးရွားလွန်းတဲ့အတွက် ဘယ်နိုင်ငံကမှ ဒီလိုပဋိပက္ခကို အစမပျိုးဘူးဆိုတဲ့အိုင်ဒီယာဖြစ်ပါတယ်။ တနည်းပြောရရင်တော့ တဖက်နဲ့တဖက် အပြန်အလှန်ဖျက်ဆီးပစ်နိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကပဲ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေး ထားတယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။  ဒါဟာ တကမ္ဘာလုံးမှာရှိတဲ့  နျူကလီးယား ထိပ်ဖူးပေါင်း ၁၂,၀၀၀ ကျော်ကို ဓားစာခံလုပ်ထားတဲ့  အပ်ကွက်မိနေတဲ့  ငြိမ်းချမ်းရေး လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

အပိုင်း ( ၃ )  သန်းခေါင်ယံ ရောက်လုနီး ကမ္ဘာပျက်နာရီ

အနှစ် ၈၀ ကြာပြီးတဲ့နောက်မှာ အဲ့ဒီ မခိုင်မြဲတဲ့ ချိန်ခွင်လျှာဟာ အက်ကွဲစပြုလာပါပြီ။ ကမ္ဘာကြီးဟာ နျူကလီးယားလက်နက်တွေ နောက်တကြိမ်အသုံးပြုတာကို မြင်တွေ့ရဖို့ ဆယ်စုနှစ်များစွာအတွင်း အနီးစပ်ဆုံးကာလကို ရောက်နေပြီလို့ ကျွမ်းကျင်သူတွေနဲ့ အဏုမြူဘေးကြုံခဲ့ရသူတွေက  သတိပေးနေကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ နျူကလီးယား သိပ္ပံပညာရှင်တွေက သူတို့ရဲ့ "ကမ္ဘာပျက်နာရီ" ကို သန်းခေါင်ယံရောက်ဖို့ ၈၉ စက္ကန့်အလိုကို ရွှေ့လိုက်ပါတယ်။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးဆိုက်ဖို့ အနီးကပ်ဆုံး အခြေအနေကို ဖော်ပြတာဖြစ်ပါတယ်။ 

နျူကလီးယားလက်နက်စုဆောင်းမှုတွေ မြင့်တက်လာတာ၊  နျူကလီးယား လက်နက်သုံးမယ်လို့  ခြိမ်းခြောက်မှုတွေရှိလာတာ၊ နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်တွေကို လျစ်လျူရှု မျက်ကွယ်ပြုလာတွေ အထင်အရှား မြင်တွေ့နေရပါတယ်။

ခြိမ်းခြောက်မှုတွေဟာ ကမ္ဘာတဝန်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုမှာ နျူကလီးယားခြိမ်းခြောက်မှုတွေပါဝင်ခဲ့တယ်။ နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားမှာ တလောကမှ တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။ မြောက်ကိုရီးယားကလည်း သူ့ရဲ့ နျူလက်နက်နိုင်ငံအဆင့်အတန်းကို ငြင်းပယ်ဖို့ ကြိုးပမ်းမှု မှန်သမျှကို ခါးခါးသီးသီးပယ်ချထားပါတယ်။ အရှေ့အလယ်ပိုင်းမှာလည်း ယူရေနီယံကို လက်နက် ထုတ်လုပ်နိုင်တဲ့ အဆင့်နီးပါးအထိ သန့်စင်နိုင်စွမ်းရှိလာတဲ့ အီရန်ကသာ အဏုမြူဗုံးထုတ်လုပ်နိုင်ရင်ဆိုတဲ့ အကယ်၍ တခုကို အကြောင်းပြပြီးတော့  အမေရိကန်နဲ့ အစ္စရေးက အီရန်နျူစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အီရန်ရဲ့ နျူအသိပညာနဲ့ နျူကလီးယား ထုတ်လုပ်နိုင်စွမ်းကိုတော့ အပြည့်အဝ မဖျက်ဆီးနိုင်ဘူးလို့ သုံးသပ်ကြပါတယ်။

တချိန်တည်းမှာပဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကိုယ်တိုင်ကျတော့  နျူလက်နက်နည်းပညာ ခေတ်မီရေးအကြီးအကျယ်ကြိုးပမ်းနေကြပါတယ်။  စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (SIPRI) ရဲ့ ခန့်မှန်းတွက်ချက်မှုအရ  တရုတ်နိုင်ငံဟာ တနှစ်ကို နျူကလီးယားထိပ်ဖူး ၁၀၀ လောက် ထပ်တိုးထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ ဟီရိုရှီးမားကို ဖျက်ဆီးခဲ့တဲ့ "Little Boy"  အဏုမြူဗုံးရဲ့ ပေါက်ကွဲအားဟာ ၁၅ ကီလိုတန် ရှိခဲ့ပါတယ်။  ဒါပေမဲ့ ဒီနေ့ခေတ် အမေရိကန်လက်နက်တိုက်ထဲက အကြီးဆုံးလက်နက်ကတော့ ၁ ဒသမ ၂ မီဂါတန်ရှိပြီး အဆ ၈၀ ပိုပြင်းအားရှိပါတယ်။ ခေတ်မီထိပ်ဖူးတခုတည်းနဲ့တင် လူသန်းပေါင်းများစွာကို ချက်ချင်း သေဆုံးစေနိုင်ပါတယ်။

အပိုင်း (၄) အနာဂတ်ကို အုပ်မိုးနေတဲ့ အတိတ်ရဲ့ အရိပ်များ

တိုးပွားလာတဲ့ ကမ္ဘာ့အန္တရာယ်တွေနဲ့ ခေတ်သစ်ရဲ့ ဆူညံသံတွေကြားမှာ ဟီရိုရှီးမားက အသံတွေဟာ ဘယ်တုန်းကထက်မဆို ပိုပြီးအရေးတကြီး ဖြစ်လာပါတယ်။ ကမ္ဘာကြီးက ဒီအဖြစ်ဆိုးကြီးကို မေ့မသွားအောင် ကြိုးစားနေတဲ့သူတွေက ဒီအတိတ်ရဲ့ အသံတွေကို လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီနေ့မှာ အမှတ်တရအခမ်းအနားတွေ မြို့အနှံ့မှာ ကျင်းပလေ့ရှိပါတယ်။ ငြိမ်းချမ်းရေးဥယျာဉ်မှာ တရားဝင်အခမ်းအနားစတင်ချိန်မှာတော့ ပန်းချီဆရာ မာဆာဖူမိ တာကာတိုရီဟာ နှစ်ပေါင်း များစွာ  သူလုပ်နေကျအတိုင်း    အဏုမြူဗုံးလက်ကျန် အဆောက်အအုံကြီးရဲ့  ပုံကို ရေးဆွဲနေပါတော့တယ်။

ငြိမ်းချမ်းရေးလှုပ်ရှားသူတစုက စုရုံးပြီး သီချင်းတိုးတိုး သီဆိုနေကြတယ်။ ဒီအထဲမှာ အသက် ၈၀ အရွယ် ယာဆုယို ယာမာနေးလည်း ပါဝင်ပါတယ်။ သူဟာ ဗုံးကြဲပြီး တလအကြာမှာ ပြာပုံအတိဖြစ်နေတဲ့ မြို့မှာ မွေးခဲ့သူပါ။  ဒီမြို့ရဲ့ အံ့ဩစရာကောင်းတဲ့ ပြန်လည်နာလန်ထူမှုကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပေမဲ့ သမိုင်းရဲ့အမာရွတ်တွေနဲ့ သင်ခန်းစာတွေက သူ့ဘဝကို ပုံဖော်ပေးခဲ့ပါတယ်။

ငြိမ်းချမ်းရေးလှုပ်ရှားသူ ယာဆုယို ယာမာနေးက "ကျုပ်ကတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တာပေါ့ဗျာ၊ ဒါပေမဲ့ သာမန်အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေက အရမ်းများလွန်းနေတယ်။ ပါလက်စတိုင်းမှာ ဖြစ်နေတာကတော့ တကယ်ကို အဆိုးဆုံးပဲ၊ ဟုတ်တယ်မလား"လို့ ပြောပါတယ်။

လူတော်တော်များများအတွက် စစ်ရဲ့အမှတ်တရဆိုတာ ဇာတ်လမ်းတပုဒ်သက်သက်မဟုတ်ဘဲ မြေကြီးထဲမှာ ဆက်လက်တည်ရှိနေတဲ့ ရုပ်ပိုင်းဆိုင်ရာအဖြစ်မှန်တခုပါ။

ဗုံးကြဲချခဲ့တဲ့ ဗဟိုချက်ကနေ ၄ ကီလိုမီတာအကွာမှာ နီနိုရှီးမားကျွန်းဆိုတာ ရှိပါတယ်။ ၁၉၄၅ ခုနှစ်မှာ အဲ့ဒီကျွန်းမှာ အရေးပေါ် ယာယီဆေးရုံတခု ဖန်တီးခဲ့ရသလို နောက်ဆုံးမှာတော့ ဒုက္ခသည်ထောင်ပေါင်းများစွာအတွက် အစုလိုက်အပြုံလိုက်မြှုပ်နှံရာနေရာ ဖြစ်ခဲ့ရပါတယ်။

သေဆုံးသူရော၊ အသက်ရှင်နေသူရော ဒုက္ခသည်ပေါင်း ၁၀,၀၀၀ လောက် အဲ့ဒီကို လှေနဲ့သယ်ခဲ့ကြတယ်။ မီးသင်္ဂြိုဟ်တာတွေ မနိုင်တော့တဲ့အခါ လူတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့ကြတော့ သူတို့ရဲ့ဇာတ်လမ်းတွေဟာလည်း မြေကြီးထဲမှာပဲ ပျောက်ဆုံးသွားခဲ့ရတယ်။

တက္ကသိုလ်သုတေသနပညာရှင် ရဲဘွန်း ခယိုက "ဒီထဲက အရိုးတွေလေ၊ အနှစ် ၈၀ လုံးလုံး လူလိုသူလိုဆက်ဆံမခံခဲ့ရဘူး။ သူတို့ကို မြေကြီးထဲမှာ ပစ္စည်းတွေလိုပဲ မြှုပ်ထားခဲ့တာ”လို့ ပြောပါတယ်။ 

အသက် ၄၇ နှစ်အရွယ်  တက္ကသိုလ်သုတေသနပညာရှင် ရဲဘွန်း ခယိုဟာ ဒူးထောက်ပြီး မြေကြီးတွေကို စိတ်ရှည်လက်ရှည် ဆန်ခါတိုက်ရှာနေပါတယ်။ မြေကြီးထဲက အရိုးအပိုင်းအစလေးတခုကို သေသေချာချာ ကောက်ယူလိုက်ပါတယ်။ သူဟာ နှစ်စဉ် ရက်ပေါင်းများစွာ ဒီနေရာမှာပဲ အချိန်ကုန်ဆုံးရင်း မြှုပ်နှံ၊ မေ့လျှော့ခံခဲ့ရတဲ့ အဏုမြူဗုံးဒုက္ခသည်တွေရဲ့ အရိုးတွေကို ရှာဖွေနေပါတယ်။

ဟီရိုရှီးမားရဲ့ ပြန်လည်နာလန်ထူလာတာကိုချည်းပဲ အာရုံစိုက်ဖော်ပြနေရင် အန္တရာယ်ရှိတဲ့ ဇာတ်လမ်းတပုဒ် ကို ဖန်တီးမိမှာ သူစိုးရိမ်နေပါတယ်။

ရဲဘွန်း ခယိုက "ဘယ်လိုဖြစ်သွားလဲဆိုတော့ဗျာ။ ပြောရရင် 'အဏုမြူဗုံးကြဲခံရရင်တောင် ပြန်နာလန်ထူနိုင်တာပဲ' ဆိုတာမျိုး ဖြစ်သွားတယ်။ အဲ့ဒါကြောင့် ဗုံးထပ်ကြဲလို့ ရတယ်လို့ ထင်တဲ့လူတွေ ပေါ်လာလိမ့်မယ်။ သူတို့အဆင်ပြေသလို အကြောင်းပြချက်ရှာပြီး မှန်တယ်လို့ ပြောမယ့်လူတွေ အမြဲရှိနေမှာပဲ”လို့ပြောပါတယ်။ 

ဟီဘာကူရှာလို့ ဂျပန်လိုခေါ်ဝေါ်တဲ့ နျူကလီးယားဗုံးဒဏ်သင့် အသက်ရှင်ကျန်ရစ်သူတွေ တဖြည်းဖြည်းနည်းပါးလာပါပြီ။ ဒါပေမဲ့ အမှတ်ရခြင်းဆိုတဲ့ မီးရှူးတိုင်ကို သူတို့ရဲ့မျိုးဆက် တွေဆီကို လက်ဆင့်ကမ်းပေးနေပါတယ်။

ရွှန်း ဆဆခိဟာ အသက် ၁၂ နှစ်ပဲ ရှိသေးပေမဲ့ ဝါရင့် သဘာရင့် ငြိမ်းချမ်းရေး ထောက်ခံသူကြီးဖြစ်နေပါပြီ။ သူဟာ ဗုံးကြဲချခံရမှုကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သူ့အဘွား ယူရီကိုရဲ့ ဇာတ်လမ်းကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက စတင်ဝေမျှရင်း အခမဲ့ ဧည့်လမ်းညွှန်လုပ်ပေးနေခဲ့တာပါ။ ဒီနှစ်မှာတော့ သူဟာ အနှစ် ၈၀ ပြည့် တရားဝင်အခမ်းအနားမှာ စကားပြောဖို့ ရွေးချယ်ခံခဲ့ရပါတယ်။

လူငယ်ငြိမ်းချမ်းရေးထောက်ခံသူ ရွှန်း ဆာဆာကီက "အန္တရာယ်အရှိဆုံးအရာက ဟိုးအရင် အတိတ်က ဖြစ်ခဲ့တာတွေကို မေ့သွားတာပဲလို့ ကျနော်ထင်တယ်. ကျနော်တို့ ဒီဇာတ်လမ်းကို နောက်မျိုးဆက်ဆီကိုလက်ဆင့်ကမ်းပေးရမယ်။ ပြီးတော့ ဘယ်တော့မှ၊ ဘယ်တော့မှ မမေ့ပစ်သင့်ဘူး”လို့ ပြောပါတယ်။

လာရောက်လည်ပတ်သူတွေအတွက်တော့ ဒီလောက်ငယ်ရွယ်တဲ့ကလေးတယောက်ဆီက ဇာတ်လမ်းကို ကြားရတာက သမိုင်းကို ပိုပြီး ပုဂ္ဂိုလ်ရေးဆန်၊ လေးနက်စေပါတယ်။

အပိုင်း (၅) နိဂုံး - နျူကလီးယားလမ်းဆုံလမ်းခွ

ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ အနုမြူဗုံးကြဲချအပြီး  အနှစ် ၈၀ ကြာတဲ့အခါမှာ လူသားမျိုးနွယ်ဟာ လမ်းဆုံလမ်းခွတခုမှာ ရပ်နေပါတယ်။ လမ်းတလမ်းကတော့ ရွှန်းဆဆခိလို  အသက်ရှင် ကျန်ရစ်သူတွေရဲ့ မိသားစုဝင်တွေ၊ ငြိမ်းချမ်းရေး ထောက်ခံသူတွေရဲ့ အမြင်ဆီကို ဦးတည်ပါတယ်။

ဆွေးနွေးမှုနဲ့ အပြန်အလှန်နားလည်မှုပေါ်မှာ တည်ဆောက်ထားတဲ့ နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဒီလမ်းကတော့ မှိန်ပြပြ ဖြစ်နေပါတယ်။ နောက်တလမ်းကတော့  သံသယကို အခြေခံရင်း အဏုမြူလက်နက်တွေ ပြန့်ပွားအောင်၊  ပိုခေတ်မီ ပိုဖျက်အားပြင်းအောင်တည်ဆောက်ရင်း အပြန်အလှန်ပျက်စီးမှုဆီ ဦးတည်သွားမှာဖြစ်ပြီးတော့ လမ်းဆုံးမှာတော့ လူသားမျိုးနွယ်ရဲ့ နိဂုံးတောင် ရှိချင်ရှိနေနိုင်ပါတယ်။ 

နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ်ဟာ "အလုပ်မဖြစ်တော့တဲ အခြေအနေ"ကို ရောက်နေပြီး ကမ္ဘာကြီးဟာ သမိုင်းရဲ့သင်ခန်းစာတွေကို ဗြောင်ကျကျ လျစ်လျူရှုနေပြီလို့ ဒီနှစ်အခမ်းအနားမှာ ဟီရိုရှီးမားမြို့တော်ဝန်က သတိပေးခဲ့ပါတယ်။

မေ့လျော့ခံခဲ့ရသူတွေရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေရင်း နီနိုရှီးမားကျွန်းရဲ့ မြေကြီးကို တူးဆွ ရှာဖွေနေတဲ့  သုတေသနပညာရှင် ရဲဘွန်းခယိုရဲ့အလုပ်ဟာ အားကောင်းတဲ့ ပုံဆောင်ခိုင်းနှိုင်းချက်တခု ဖြစ်ပါတယ်။ အတိတ်ရဲ့  ဒုက္ခတွေကို မြေမြှုပ်ဖုံးကွယ်ထားပြီး ခံစားခဲ့ရသူတွေရဲ့ သတိပေးချက်တွေ လျစ်လျူရှုနေသမျှကာလပတ်လုံး နျူကလီးယားစစ်ပွဲဟာ ဘယ်တော့မှ အမှန်တကယ် မပြီးဆုံးပါဘူး။ ဘယ်လမ်းကို ရွေးကြမလဲဆိုတာ ခဏရပ်ပြီး စောင့်ကြည့်နေတဲ့ သဘောပဲရှိပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024