Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ လူဦးရေ ၁၇ သန်းခန့် ဝမ်းရေးမဖူလုံဖြစ်နေ
DVB
·
September 6, 2025
Photo : UN Myanmar

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံဟာ စီးပွားရေးကျဆင်းတာနဲ့အတူ ပြည်တွင်းက လူ ၃ ယောက်မှာ ၁ ယောက်နှုန်း ဝမ်းရေးမဖူလုံတာကို ရင်ဆိုင်နေရတယ်လို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူဦးရေ ပဥ္စမမြောက် အများဆုံးရှိနေတဲ့နိုင်ငံဖြစ်နေပြီး၊ စုစုပေါင်း လူဦးရေ ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတယ်လို WFP က ဆိုပါတယ်။

ဒါဟာ ၂၀၂၄ ခုနှစ်က ဝမ်းရေးမဖူလုံမှုကို ခံစားနေရတဲ့ လူဦးရေ ၁၃ ဒသမ ၃ သန်းထက် လူဦးရေ ၃ ဒသမ ၄ သန်း ပိုတိုးလာတာ ဖြစ်ပါတယ်။

အခြေခံ စားသောက်ကုန်တွေရဲ့ ပျမ်းမျှကုန်ဈေးနှုန်းဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင် အစောပိုင်းကာလတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိကုန်ဈေးနှုန်းက ၄ ဆအထိ တိုးမြင့်နေတာဖြစ်ပါတယ်။

သန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အခြေခံအကျဆုံး အစားအစာတွေကိုတောင် ဝယ်မစားနိုင်တော့တဲ့ အခြေအနေကြုံနေရပြီး ပြည်တွင်းမှာ လူဦးရေ ၂ ဒသမ ၈ သန်းဟာ ထမင်းတနပ်အတွက် နေ့စဉ် ရုန်းကန်နေရတဲ့ အရေးအပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပြီလမှာ WFP က ရန်ပုံငွေမလုံလောက်တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ လူဦးရေ ၁ သန်းအတွက် အရေးပေါ်အကူအညီတွေ ရပ်တန့်ခဲ့ရပါတယ်။

အခုအခါမှာတော့ ကိုရီးယားနိုင်ငံရဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ လူဦးရေ ၃ သိန်း ဝန်းကျင်ကို REACH အစီအစဉ်နဲ့ ၂ လစာ စားနပ်ရိက္ခာဖိုး ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

 ဒါ့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးငယ် စုစုပေါင်းဦးရေ ၂၄,၀၀၀ အတွက်လည်း အာဟာရချို့တဲ့မှုကာကွယ်ရေးနဲ့ ကုသရေးအကူအညီတွေပေးသွားမယ်လို့ စက်တင်ဘာ ၅ ရက် ဒီနေ့မှာ WFP က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းရေးရုံးကလည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လိုအပ်ချက်နဲ့တုံ့ပြန်မှုစီမံကိန်းရဲ့ ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ် အချက်အလက်တွေကို စက်တင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပြီး စစ်ကိုင်း ငလျင်ကြောင့် လူပေါင်း ၂၂ သန်းလောက်ဟာ အကူအညီတွေလိုအပ်နေပေမဲ့ ရန်ပုံငွေကတော့ ၁၇ ရာခိုင်နှုန်းပဲ ရသေးတယ်လို့ ဆိုပါတယ်။

အကူအညီပေးရေးလုပ်ငန်းတွေမှာလည်း စစ်ဆေးရေးဂိတ်တွေမှာ နှောင့်နှေးကြန့်ကြာတာတွေ၊ သွားလာရေးကန့်သတ်တာတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဝင်ရောက်စွက်ဖက်တာတွေ၊ ဘဏ်လုပ်ငန်းဆိုင်ရာနဲ့ ငွေသားစီးဆင်းမှုဆိုင်ရာပြဿနာ စတာတွေကြောင့် ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဇွဲသစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013