Home
ဆောင်းပါး
မြန်မာနိုင်ငံတွင် အရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာနေသော ငွေလိမ်ဂိုဏ်းများ
DVB
·
August 25, 2025

မြန်မာနိုင်ငံအရှေ့ပိုင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးပွားလာနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အကြီးအကျယ်နှိမ်နင်းမှုတွေ လုပ်ခဲ့ပေမဲ့လည်း ဒီရာဇဝတ်ဂိုဏ်းတွေရဲ့ အခြေစိုက်စခန်းတွေဟာ ပပျောက်သွားခြင်းမရှိဘဲ ဆောက်လုပ်ရေးလုပ်ငန်းတွေတောင် ဆက်လုပ်နေကြတုန်းပါပဲ။ ဒီအချက်ဟာ အဓိကကျတဲ့ ရာဇ၀တ်မှုလုပ်ငန်းတွေကို အမြစ်ပြတ် မရှင်းလင်းနိုင်သေးဘူးဆိုတာ မီးမောင်းထိုးပြနေပါတယ်။ Nikkei သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောစကားတွေကို လေ့လာပြီးနောက် ဒီလုပ်ငန်းတွေရဲ့ ကြီးမားကျယ်ပြန့်လာမှုနဲ့ ဆက်လက်ကျန်ရှိနေသေးတဲ့ အခြေအနေတွေကို ဖော်ထုတ်တင်ပြထားပါတယ်။

အထဲမှာတော့ ထောင်လိုပါ

အကြီးဆုံးငွေလိမ်ဂိုဏ်းစခန်းတွေထဲက တခုဖြစ်တဲ့ KK Park မှာ ၆ လကြာ ဖမ်းဆီးခံခဲ့ရတဲ့ တောင်အာရှနိုင်ငံသားတဦးက သူ့ရဲ့အတွေ့အကြုံတွေကို ပြန်ပြောပြပါတယ်။ သူ့ကို အချစ်ရေးကို အသုံးချပြီး ငွေလိမ်တာ (romance scam) တွေကို အတင်းအကျပ်လုပ်ခိုင်းခဲ့ပါတယ်။ တကယ် ချစ်ကြိုက်နေသလို ဟန်ဆောင်ပြီး ပစ်မှတ်ထားခံရသူတွေဆီကနေ ပိုက်ဆံလိမ်လည်ရတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ သူဟာ တခြားလူ ၇ ယောက်နဲ့အတူ အခန်းကျဥ်းတခန်းထဲမှာ နေထိုင်ခဲ့ရပြီး တနေ့ကို ၁၆ နာရီ အလုပ်လုပ်ခဲ့ရပါတယ်။

အကြမ်းဖက်မှု‌တွေကလည်း နေ့စဉ် ကြုံနေရတဲ့ အဖြစ်အပျက်တခုလိုပါပဲ။ သူ့ရဲ့ ပြောပြချက်အရ ကြီးကြပ်သူတယောက်က သူ့ကို ဘွတ်ဖိနပ်နဲ့ ကန်ကျောက်ခဲ့ပါတယ်။ တခြားလုပ်သားတယောက်ဆိုရင် ညှဉ်းပန်းနှိပ်စက်တဲ့ အခန်းထဲကို ဆွဲခေါ်သွားပြီး မတ်တတ်မရပ်နိုင်တော့တဲ့အထိ ဝိုင်းရိုက်ခံခဲ့ရပါတယ်။

ဒီလို ဒုစရိုက်နယ်မြေတွေဟာ မြန်မာ-ထိုင်းနယ်စပ်တလျှောက်မှာ အသစ်ထွက်ပေါ်လာနေတုန်းပါပဲ။ Nikkei သတင်းဌာနက ဂြိုဟ်တုဓာတ်ပုံတွေ၊ တရား၀င်မှတ်တမ်းတွေနဲ့ ကျွမ်းကျင်သူတွေရဲ့ အင်တာဗျူးတွေကို တိုက်ဆိုင်စစ်ဆေးပြီး ကရင်ပြည်နယ်၊ မြဝတီမြို့အနီးတဝိုက်မှာ သံသယရှိဖွယ်ရာ ငွေလိမ်လုပ်ငန်း အခြေစိုက်စခန်းတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်တွေရဲ့ ဒုတိယတဝက်လောက်မှာ တရုတ် ကျောထောက်နောက်ခံ ကုမ္ပဏီတွေက ဒီဒေသမှာ ကာစီနိုလောင်းကစားရုံကြီးတွေ လာဆောက်ခဲ့ကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ကာစီနိုလုပ်ငန်းတွေ ရပ်သွားတဲ့အခါမှာတော့ ဒီအဆောက်အအုံအများစုဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ ဗဟိုချက်မတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ဒီလိုတိုးပွားလာတာဟာ အခုထိ အရှိန်မသေသေးပါဘူး။ သံသယရှိဖွယ်ရာ ငွေလိမ်စခန်း အနည်းဆုံး ၁၆ ခုလောက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး အဲဒီထဲက ၈ ခုမှာတော့ ဒီနှစ်အစောပိုင်းက အကြီးအကျယ် နှိမ်နင်းမှုတွေ လုပ်ပြီးတာတောင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေဆဲ ဖြစ်ပါတယ်။

အစီရင်ခံစာတွေအရ နိုင်ငံခြားသားအများအပြားဟာ ဒီနေရာတွေကို လူကုန်ကူးခံရပြီး ငွေလိမ်လုပ်ငန်းတွေမှာ အတင်းအဓမ္မစေခိုင်းခံနေရပါတယ်။

ဒီဒဏ်ကို ဂျပန်နိုင်ငံလည်း ခံစားနေရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတယ်လို့ ယူဆရတဲ့ ဂျပန်အထက်တန်းကျောင်းသားတဦးကို ကယ်တင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိမ်လည်မှုစွဲချက်‌တွေနဲ့ ပြန်ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ အောက်တိုဘာလကနေ ၂၀၂၅ ဇွန်လအထိ တရားမဝင် နေထိုင်ပြီး လိမ်လည်မှု ဒါမှမဟုတ် လောင်းကစားမှုတွေမှာ ပါဝင်ခဲ့တဲ့ နိုင်ငံခြားသား ၆၆,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဒုစရိုက်စခန်းတခုကလွဲလို့ ကျန်တာတွေက နှိမ်နင်းမှုတွေလုပ်ပြီးတာတောင် ပုံမှန်အတိုင်း လည်ပတ်နေပုံရတယ်”လို့ ငွေလိမ်စခန်းတွေကနေ လွတ်မြောက်လာသူတွေကို ကူညီပေးနေတဲ့ အမေရိကန်အခြေစိုက် NGO အဖွဲ့ International Justice Mission က သုတေသီ အဲရစ်ဟိုင့်ဇ် က ပြောပါတယ်။

တပုံစံတည်းသော ထောင်များ

ပထမဆုံး ထူးခြားချက်ကတော့ ဝန်ထမ်းတွေကို အနီးကပ်စောင့်ကြည့်လို့ရအောင် တည်ဆောက်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ ခြံ၀င်းကြီးတွေကို ခြံစည်းရိုးတွေ၊ တံတိုင်းတွေနဲ့ ကာရံထားပြီး ကင်းမျှော်စင်လို့ ယူဆရတဲ့ အဆောက်အအုံလေးတွေ အများကြီးနဲ့ ဝန်းရံထားပါတယ်။ Nikkei က ဂြိုဟ်တုပုံရိပ်တွေနဲ့ လူမှုကွန်ရက်ပေါ်က ပို့စ်တွေကို အသုံးပြုပြီး အဲဒီအဆောက်အအုံတွေရဲ့ တည်နေရာကို သုံးသပ်ကာ မြေပုံရေးဆွဲခဲ့ပါတယ်။ တရုတ်ဗီဒီယို မျှဝေရေး ပလက်ဖောင်း Douyin မှာ တင်ထားတဲ့ ဗီဒီယိုတခုမှာဆိုရင် ပတ်ပတ်လည်က တံတိုင်းတွေအထက်မှာ မိုးနေတဲ့ စင်မြင့်တွေကို တွေ့ရပါတယ်။ ဂြိုဟ်တုပုံရိပ်တွေအရလည်း ၀င်းရဲ့တောင်ဘက်ခြမ်းက အမိုးပါတဲ့ ပင်မဂိတ်ကြီးကို မြင်တွေ့ရပါတယ်။ 

“ကင်မရာတွေက အပြင်ကို မဟုတ်ဘဲ အထဲကိုလှည့်ထားပြီး တံတိုင်းပေါ်က သံဆူးကြိုးတွေကလည်း အတွင်းဘက်ကို ကွေးထားတာမျိုးပါ။ ဒါက တော်တော်လေး အ‌တွေ့ရများတဲ့ ပုံစံပါပဲ။ ဒါက လူတွေ အပြင်ကနေ အထဲကိုမဝင်အောင် ကာကွယ်ထားတာ မဟုတ်ဘူး။ အထဲကလူတွေ အပြင်ကို ထွက်မပြေးနိုင်အောင် ပိတ်ထားတာပါ” လို့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ EOS Collective အဖွဲ့ကမတ်ခ်ဘိုက ပြောပါတယ်။

လူအများကြီးနေနိုင်အောင် ဆောက်ထားတဲ့ ဧရာမအဆောက်အအုံများ

ဒုတိယထင်ရှားတဲ့ အချက်ကတော့ လူအများကြီး နေနိုင်အောင် ဆောက်ထားတဲ့ ဧရာမအဆောက်အအုံတွေ ဖြစ်ပါတယ်။ တချို့အဆောက်အအုံတွေက ၄ ထပ်မကမြင့်ပြီး အလုံးပေါင်း ၁၀ လုံးကျော်လောက် ဘေးချင်းကပ်လျက် တည်ရှိနေပါတယ်။ ဒီလောက်ကြီးမားတဲ့ အဆောက်အအုံစုကြီးတွေက ဒီဒေသရဲ့ တခြားနေရာတွေမှာ လုံးဝမတွေ့ဖူးသလောက်ပါပဲ။

ဒီစခန်းတွေထဲမှာ လိုအပ်တဲ့အရာမှန်သမျှ အကုန်ရှိပုံရပါတယ်။  ဝင်းအတွင်းပိုင်းကို ရိုက်ကူးထားတဲ့  Nikkei ရဲ့ ဗီဒီယိုဖိုင်တွေအရ ဘတ်စကတ်ဘောကွင်းတွေ၊ ဟော့ပေါ့ဆိုင်နဲ့ ခေါက်ဆွဲဆိုင်လို့ ယူဆရတဲ့ ဆိုင်းဘုတ်တွေ၊ နောက်ပြီး တရုတ်လို “ဆေးရုံ” လို့ ရေးထားတဲ့ အဆောက်အအုံတခုတောင် မြင်တွေ့ခဲ့ရပါတယ်။ “ဒီနေရာတွေက အပြင်နဲ့အဆက်အစပ်မရှိတဲ့ လူ့အသိုက်အဝန်းတခုအတွက် လိုအပ်တာ အကုန်ရအောင် ဖန်တီးထားတာပါ။ ဘာလို့လဲဆိုတော့ လူအများစုက အပြင်ကို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်မရှိလို့ပဲ” လို့ EOS Collective အဖွဲ့က မတ်ခ်ဘိုက ပြောပါတယ်။

မြစ်ကမ်းနံဘေးမှာ တည်ရှိခြင်း

တတိယ ထင်ရှားတဲ့အချက်ကတော့ မြစ်ကမ်းနံဘေးမှာ တည်ရှိနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်ကို လွယ်လွယ်ကူကူ ကူးသန်းသွားလာနိုင်အောင် စခန်းတွေနဲ့ ကပ်လျက်မှာ လှေဆိပ်တွေ ရှိပါတယ်။ မြဝတီဒေသဟာ မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံနဲ့ တရားမင် ကုန်သွယ်မှုလုပ်ငန်းတွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့နေရာပါ။ ရာဇဝတ်ဂိုဏ်းတွေဟာ လူတွေနဲ့ ရိက္ခာတွေကို ဒီငွေလိမ်စခန်းတွေထဲကို လှေနဲ့တရားမဝင် သယ်ဆောင်နေကြတယ်လို့ ယူဆရပါတယ်။

စုံစမ်းစစ်ဆေးရေးအဖွဲ့တခုဖြစ်တဲ့ Myanmar Witness ရဲ့ အဆိုအရ ဂြိုဟ်တုဓာတ်ပုံထဲက လှေဆိပ်ဟာ ဒီဝင်းခြံနဲ့ တိုက်ရိုက်ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။ ဂြိုဟ်တုပုံတွေအရ ဒီလှေဆိပ်ကို ဝင်းခြံနဲ့ တပြိုင်နက် တည်ဆောက်ခဲ့တာကို တွေ့ရပါတယ်။

လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးကွန်ရက်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ကောင်စီအနေနဲ့ မြဝတီဒေသကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ပါဘူး။ နေရာအတော်များများမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ရဲ့အာဏာကို လက်တွေ့ ထူထောင်ထားကြပါတယ်။

ဒီအဖွဲ့တွေထဲက တခုကတော့ ကရင်နယ်ခြားစောင့်တပ် (BGF) ဖြစ်ပါတယ်။ မေလမှာ အမေရိကန်ပြည်ထောင်စုက BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့မိသားစုဝင်တွေကို ငွေလိမ်လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို အကာအကွယ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယူကေနဲ့ ဥရောပသမဂ္ဂတို့ကလည်း သူအပါအဝင် BGF နဲ့ ဆက်စပ်သူတွေကို အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Justice for Myanmar (JFM) အဖွဲ့က ရရှိထားတဲ့ ကုမ္ပဏီအတွင်းရေးစာရွက်စာတမ်းတွေကို အရေးယူခံရသူတွေရဲ့ စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ခဲ့ပါတယ်။ အရေးယူခံထားရတဲ့ စောမင်းမင်းဦးနဲ့ စောထူးအယ်မှူး တို့ဟာ ဒီငွေလိမ်စခန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ သံသယရှိခံရတဲ့ အရာရှိတွေအဖြစ် စာရင်းပေါက်နေတာကို တွေ့ရှိခဲ့ရပါတယ်။

Yatai New City၊ Apolo Park နဲ့ Yulong Bay Park ဆိုတဲ့ ငွေလိမ်စခန်း ၃ ခုဟာ အဲဒီကုမ္ပဏီသုံးခုနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိပါတယ်။ JFM ရဲ့ အဆိုအရ တခြား စခန်းအများအပြားကလည်း BGF နဲ့ သွယ်ဝိုက်ပြီး ဆက်စပ်မှုတွေ ရှိနေပါတယ်။

မိုဘိုင်းဖုန်းတည်နေရာ အချက်အလက်တွေအရ စခန်းအများအပြားဟာ အချင်းချင်း ချိတ်ဆက် လည်ပတ်နေတာကို တွေ့ရပါတယ်။ ၂၀၂၄ ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ မေ ၇ ရက်အထိ မြန်မာနိုင်ငံက မိုဘိုင်းဖုန်း ၁၁,၉၃၀ ကနေ တည်နေရာမှတ်တမ်း ၄ ဒသမ ၉ သန်းကျော်ကို ရယူလေ့လာခဲ့ပါတယ်။ အဲဒီထဲက ဖုန်း ၅ လုံးဟာ အပေါ်မှာပြောခဲ့တဲ့ စခန်းသုံးခုလုံးကို သွားရောက်ခဲ့သလို KK Park နဲ့ Huanya Park ကိုလည်း ရောက်ရှိခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဒါဟာ ငွေလိမ်လုပ်ငန်းမှာ ပါဝင်နေသူတွေဟာ စခန်းတခုကနေတခုကို ကူးသန်းသွားလာနေကြတယ်ဆိုတာကို ပြသနေပါတယ်။

Nikkei သတင်းဌာနရဲ့ မေးမြန်းမှုကို BGF ပြောရေးဆိုခွင့်ရှိသူတယောက်က “BGF အနေနဲ့ လိမ်လည်မှုကိုအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေကို ခွင့်မပြု‌ကြောင်း၊ အဲဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာမျိုး မရှိ‌ကြောင်း၊ ဘဏ္ဍာရေးအရလည်း ဘာမှပတ်သက်မှုမရှိကြောင်း” အခိုင်အမာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဒေသတဝိုက်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေပြီး သူတို့တွေလည်း ဒီငွေလိမ်စခန်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်နေပါတယ်။

'ခေတ်သစ် ကျွန်စနစ်'

ရာဇဝတ်ကွန်ရက်တွေဟာ ဒီလိုကြီးမားကျယ်ပြန့်တဲ့ စခန်းတွေကို ဆက်လက်ရပ်တည်နိုင်ရုံသာမက ချဲ့ထွင်နိုင်တဲ့အထိ အမြတ်အစွန်းအများကြီး ရရှိခဲ့ပါတယ်။ ငွေလိမ်လုပ်ငန်းတွေ လုပ်ခဲ့ရတယ်လို့ ဝန်ခံတဲ့ လူတယောက်က “ဒေါ်လာတသိန်းကျော် တန်ဖိုးရှိတဲ့ ငွေဝင်လာတိုင်း ကျယ်လောင်တဲ့ တရုတ်ဗုံသံကြီးက စခန်းတခုလုံးကို ပဲ့တင်ထပ်သွားတယ်” လို့ ပြန်ပြောပြပါတယ်။

ဒီအကျိုးအမြတ်တွေဟာ လိမ်လည်ခံရသူတွေရဲ့ နစ်နာမှုတွေပေါ်မှာတင် တည်ဆောက်ထားတာတင် မကပါဘူး။ လိမ်လည်မှုကို ကျူးလွန်နေရသူတွေရဲ့ ဒုက္ခတွေပေါ်မှာလည်း အခြေခံထားတာပါ။ သူတို့ဟာ တနေ့ကို ၁၂ နာရီကျော် အလုပ်ခိုင်းခံရပြီး မျှော်မှန်းချက်မပြည့်မီဘူးဆိုရင် လျှပ်စစ်ရှော့တိုက်တာ၊ ရိုက်နှက်တာတွေ ခံကြရတယ်လို့ လူတော်တော်များများက ပြောပြပါတယ်။

“ကျနော်တို့ ဒီလိုအလုပ်မျိုးကို မလုပ်ချင်ပါဘူး။ ကျနော်က ဗုဒ္ဓဘာသာဝင်တယောက်ဆိုတော့ ကံကံ၏အကျိုးကို ယုံကြည်တယ်။ ဘယ်သူ့ပိုက်ဆံကိုမှ မခိုးချင်ဘူး” လို့ အဲဒီလူက နောင်တကြီးစွာနဲ့ ပြောပါတယ်။

“တချို့လူတွေကတော့ ဒီလိမ်လည်မှုတွေမှာ ဆန္ဒအလျောက် ပါဝင်ကြပေမဲ့ အများစုကတော့ သူတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စေခိုင်းခံနေရတာပါ။ ဒါဟာ ခေတ်သစ်ကျွန်စနစ်ပါပဲ” လို့ မဲလ်ဘုန်းတက္ကသိုလ်က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေရဲ့ လုပ်သားတွေအကြောင်း လေ့လာနေတဲ့ ကထိက အိုင်ဗန်ဖရန်ချက်စကီးနီက ပြောပါတယ်။ 

အရှေ့တောင်အာရှတခွင်ကို ကျယ်ပြန့်လာတဲ့ ရာဇဝတ်ဂိုဏ်းများ

ငွေလိမ်စခန်းတွေဟာ မြန်မာ-ထိုင်းနယ်စပ်မှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ဧပြီလအစီရင်ခံစာအရ ဒီစခန်းတွေဟာ အရှေ့တောင်အာရှတဝန်းက နယ်စပ်ဒေသတွေမှာ အနှံ့အပြား တည်ရှိနေတယ်လို့ ဆိုပါတယ်။ နှိမ်နင်းမှုတွေ ပြင်းထန်လာတဲ့အခါမှာ မြန်မာနိုင်ငံအခြေစိုက် ရာဇဝတ်ဂိုဏ်းတချို့ဟာ လာအိုနဲ့ ကမ္ဘောဒီးယားလိုနိုင်ငံတွေကို ပြောင်းရွှေ့သွားကြပါတယ်။

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့ ဂျပန်နိုင်ငံဟာ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လာပါတယ်။ မေလတုန်းက ဂျပန်နိုင်ငံသား ၂၉ ဦးကို ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ပွိုင်ပက်မြို့မှာ လိမ်လည်မှုအစီအစဉ်မှာ ပါဝင်တယ်ဆိုတဲ့ သံသယနဲ့ ဒေသအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနေရာဟာ ဂျပန်ရဲတွေက Tokuryu လို့ခေါ်တဲ့၊ ဆိုရှယ်မီဒီယာကနေတဆင့် ဖွဲ့လိုက်ဖျက်လိုက်လုပ်နေတဲ့ “အမည်မသိ၊ ပုံသေမရှိတဲ့ ရာဇဝတ်အုပ်စု” တခုရဲ့ ပြည်ပအခြေစိုက်စခန်းဖြစ်တယ်လို့ သံသယရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ ၂၀၂၃ ခုနှစ် တခုတည်းမှာပဲ အရှေ့နဲ့ အရှေ့တောင်အာရှဒေသက ငွေလိမ်စခန်းတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးဟာ ဒေါ်လာ ၃၇ ဘီလီယံအထိ ရှိခဲ့ပါတယ်။

“ငွေလိမ်ဂိုဏ်းတွေရဲ့ စုစုပေါင်းဝင်ငွေဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေထက်တောင် ကျော်လွန်နေပြီး ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်အဖွဲ့အစည်းတွေထဲမှာ အမြတ်အစွန်းအများဆုံး လုပ်ငန်းတခု ဖြစ်နေပါတယ်” လို့ ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ အကြီးအကဲ၊ ရဲဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရွန်းဖိဝ်ဖန်းက ပြောပါတယ်။ 

“ကျနော်တို့က နှိမ်နင်းမှုတွေကို တိုးမြှင့်လုပ်ဆောင်လိုက်ရင် ငွေလိမ်ဂိုဏ်းတွေက သူတို့ရဲ့ လိမ်လည်တဲ့ ပုံစံအသစ်တွေနဲ့ လှုပ်ရှားတဲ့နေရာတွေကို ပြောင်းလဲသွားမှာပါ” လို့ ရဲဒုတိယဗိုလ်ချုပ်ကြီးက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

ဒီရာဇဝတ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုလိုအပ်နေတယ်ဆိုတာကိုလည်း သူက ထောက်ပြခဲ့ပါ‌သေးတယ်။

စုံစမ်းစစ်ဆေးခဲ့တဲ့ နည်းလမ်းများ

Nikkei သတင်းဌာနက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာတဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ဂြိုဟ်တုပုံရိပ်တွေက ဖမ်းယူထားတဲ့ ညဘက်အလင်းရောင် အချက်အလက်တွေကို သုံးသပ်လေ့လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အများပြည်သူ ကြည့်ရှုနိုင်တဲ့ မှတ်တမ်းတွေ၊ အစီရင်ခံစာတွေနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ပြီး NGOs တွေနဲ့ ကုလသမဂ္ဂက ကျွမ်းကျင်သူတွေကိုလည်း အင်တာဗျူးလုပ် မေးမြန်းခဲ့ပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုကို လွတ်လပ်တဲ့ သတင်းရင်းမြစ် အနည်းဆုံးနှစ်ခုက ငွေလိမ်စခန်းတွေအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေအထိပဲ အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။

ငွေလိမ်စခန်းတွေလို့ သံသယရှိတဲ့ နေရာ ၁၆ ခုကိုလည်း ထပ်မံစုံစမ်းခဲ့ပါသေးတယ်။ နောက်ဆုံးရရှိတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို သုံးပြီးတော့ ဖေဖော်ဝါရီလက အကြီးအကျယ် နှိမ်နင်းမှုလုပ်ပြီးတဲ့နောက်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲ ရှိ၊ မရှိကို အတည်ပြုခဲ့ပါတယ်။

ဖြစ်ရပ်မှန်လေ့လာမှုအဖြစ် အသုံးပြုခဲ့တဲ့ Huanya Park ရဲ့ တည်နေရာအချက်အလက်တွေနဲ့ ရုပ်သံမှတ်တမ်းတွေကို Myanmar Witness အဖွဲ့ကို မျှဝေပေးခဲ့ပြီး သူတို့က အဆောက်အအုံတွေရဲ့ နေရာချထားမှုကို မှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးရာမှာ ကူညီပေးခဲ့ပါတယ်။

မိုဘိုင်းဖုန်းတည်နေရာ အချက်အလက်တွေကိုတော့ ပြင်သစ်နိုင်ငံက ကွန်ရက်စမ်းစစ်ရေး ကုမ္ပဏီဖြစ်တဲ့ nPerf ကနေ ရယူခဲ့တာပါ။ ဒီကုမ္ပဏီက တကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး အချက်အလက်တွေကို နိုင်ငံအလိုက်၊ ဖုန်းလိုင်းအော်ပရေတာအလိုက် ခွဲခြားပြီးတော့ ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။

လက်နက်ကိုင်အဖွဲ့တွေနဲ့ ငွေလိမ်စခန်းတွေကြားက ဆက်စပ်မှုကိုပြတဲ့ စာရွက်စာတမ်းတွေကိုတော့ JFM အဖွဲ့က ပံ့ပိုးပေးခဲ့ပါတယ်။ ဒီအချက်အလက်တွေကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ရဲ့ ဒေတာဘေ့စ်ကနေ ဒေါင်းလုဒ်ရယူခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီဒေတာဘေ့စ်ကို ဝင်ရောက်ကြည့်ရှုခွင့် ကန့်သတ်ခံခဲ့ရပြီး အသေးစိတ်အချက်အလက်တွေကို ရယူနိုင်ခြင်းမရှိတော့ပါဘူး။

ဝင်းခြံထဲကနေ လွတ်မြောက်လာတဲ့ လုပ်သားကိုတော့ သူ့ရဲ့နာမည်ကို လုံခြုံရေးအရ ဖော်ပြမှာ မဟုတ်ဘူးဆိုတဲ့ ကတိနဲ့ IJM အဖွဲ့က ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ရုပ်ပုံအထောက်အထားများဖြင့် စုံစမ်းစစ်ဆေးခြင်း

Nikkei ရဲ့ ရုပ်ပုံအထောက်အထား စုံစမ်းစစ်ဆေး‌ရေးအဖွဲ့ဟာ အမှန်တရားကို ဖော်ထုတ်ဖို့အတွက် လူမှုကွန်ရက်ပေါ်က ပို့စ်တွေ၊ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အများပြည်သူ ကြည့်ရှုနိုင်တဲ့ စာရွက်စာတမ်းတွေကနေ ရုပ်ပိုင်းဆိုင်ရာ သက်သေအထောက်အထားတွေကို စုဆောင်းပြီး သုံးသပ်လေ့လာပါတယ်။ သမားရိုးကျ သတင်းရယူခြင်းနည်းလမ်းတွေ၊ လူတိုင်းရယူနိုင်တဲ့ သတင်းအချက်အလက်တွေ (open-source intelligence) နဲ့ ကွန်ပျူတာနည်းပညာသုံး ကိရိယာတွေကို ပေါင်းစပ်အသုံးပြုပြီး မပြည့်မစုံဖြစ်နေတဲ့ သတင်းအချက်အလက် အစအနတွေကတဆင့် လေ့လာသုံးသပ်ချက်တွေကို ပုံဖော်ယူတာဖြစ်ပါတယ်။ ဒီလို သတင်းရယူတဲ့ နည်းလမ်းက ဝင်ရောက်ဖို့ ခက်ခဲတဲ့ နေရာတွေနဲ့ cyberspace ထဲကိုပါ ထိုးဖောက်ကြည့်ရှုနိုင်စွမ်း ရှိပါတယ်။

နီကေးအေရှ 

Ref: Nikkei Asia 

(Nikkei Asia  ဂျပန်သတင်းဌာနတွင် ရေးသားဖော်ပြထားသည့် “Myanmar's proliferating scam centers” စုံစမ်းဖော်ထုတ် သတင်းဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024